မလွတ်မြောက်ခြင်း မှတ်တမ်း (ဖေဖော်ဝါရီ-၆,၂၀၂၂)

ဒီနေ့ အိမ်သစ် ပြောင်းတယ်။ ငှားနေခဲ့ရတဲ့ အိမ်ဆိုပေမယ့် ၂ နှစ်ကျော်လောက်ဆိုတော့ တိုက်ခန်းအဟောင်းလေးကို သတိရမိသား။ ဒီတိုက်ခန်းထဲမှာ COVID ကပ်ဆိုး ဖြတ်ကျော်ခဲ့ရတာ။ စစ်ခွေးတွေရဲ့ အာဏာသိမ်းတဲ့ အချိန်ကာလ ကြုံတွေ့ခဲ့ရတာ။ လမ်းထဲက လူ များများစားစား မသိပေမယ့် အာဏာသိမ်းပြီး နောက်ပိုင်း လမ်းလုံခြုံရေးအတွက် ညလုံးပေါက် ကင်းစောင့်ရတဲ့ ညတွေကြောင့် တချို့အစ်ကိုတွေနဲ့ သိကျွမ်းခဲ့တယ်။ သံပုံးတွေ ပိန်ချုံ့နေအောင် တီးခဲ့ဖူးတယ်။ လမ်းထိပ်က တန်ဖိုးနည်း အသုပ်ဆိုင်လေးကို သတိရမိတယ်။ ဒီကာလတွေကို အသက်ရှင်လျက်ဖြတ်သန်းရတာကိုက ကိုယ့်ကုသိုလ်ကံလား၊ သူရဲဘောကြောင်မှုတွေလား လို့ စဥ်းစားမိတယ်။ ဒီနေ့တင် အင်းလျားကန်ဘောင်ဘက်မှာ ကုန်းကျော်တံတားပေါ် စာတမ်းချိတ်ဖို့ ကြိုးစားတဲ့ လူငယ်တွေထဲက တစ်ယောက် သေနတ်နဲ့ အပစ်ခံရပီး ကျဆုံးကြောင်း ဖတ်ရတယ်။ တချို့လူတွေ အတိုင်းထက် အလွန် စွန့်လွတ်နေရချိန်မှာ တချို့လူတွေကတော့ သာသာယာယာ မင်္ဂလာဆောင်နေကြတာ ရွံစရာပဲ။ နယ်ဘက်တွေက စစ်မီးက ကူးလာပီ။ ရွာလုံးကျွတ်မီးရှို့တာတွေ ခပ်စိတ်စိတ် ကြားရသလို ညဘက် စစ်ခွေးတွေက အနုကြမ်းစီး ဧည့်စာရင်းစစ် ပိုက်ဆံတောင်း ဓါးပြတိုက်တဲ့ သတင်းတွေလဲ မကြားချင် အဆုံးပဲ။ တိုင်းရင်းသား ဒေသတွေမှာ ခံစားရသမျှ ဗမာလူထု အခုမှ အရှင်လတ်လတ် ခံစားဖူးတော့တာပဲ။ စစ်ဖြစ်ပီဆိုရင်တော့ အနည်းဆုံး ၂ နှစ် ၊ ၃ နှစ် ကြာမယ် ထင်တယ်။ အနာဂါတ် ကို ကြိုမတွေးတာ အခုချိန် အကောင်းဆုံးပဲ။ ဒီရက်ပိုင်း ပြောင်းတာရွေ့တာကြောင့်ရော ၊ နောက်ပီး COVID positive တစ်ယောက်နဲ့ ထိတွေ့မှု ရှိတာရောနဲ့ ဒီနေ့ စဖျားတယ်။ ကိုယ်အပူအရမ်းမတက်ပေမယ့် ခေါင်းမူးတာ ၊ ညောင်းကိုက်တာ ၊ ချောင်းဆိုးတာ ၊ လည်ချောင်းနာတာတွေ ဖြစ်နေပြီ။ လုပ်စရာအလုပ်တွေလဲ ရှိသေးတယ်။ အာရုံစိုက်နိုင်ဖို့ ကြိုးစားရမှာပဲ။ အလိုမရှိ သီချင်း ပြန်နားထောင်ဖြစ်တယ်။

မလွတ်မြောက်ခြင်း မှတ်တမ်း (ဇန်-၂၂,၂၀၂၂)

ဇန် ၂၁ ရက်နေ့ – သောကြာနေ့ ။ စိတ်ပျက်ခြင်းတွေ ရှက်ရွံ့ခြင်းတွေ စိတ်ထဲ ပြန်ဝင်လာ ။ Gym လဲ မသွားဖြစ် ။ ကိုယ့်အရည်အချင်းကို ဘယ်လို တိုးတက်ပြောင်းလဲရမလဲ ဆိုတာလဲ မသိတော့ ။ ယုံကြည်မှုလဲ မရှိ ။ ဒီကြားထဲ မအေလိုး မင်းအောင်လှိုင်က ဆိုင်ဘာဥပဒေအသစ် ပြဌာန်းဖို့ အတင်းအကြပ် ကြိုးစားနေကြောင်း သတင်းတွေ ဖတ်ရ။ ကိုဂျင်မီ ၊ ကိုဇေယျာသော် ၂ ယောက်ကို သေဒဏ်ချတဲ့ သတင်းလဲ ကြေညာ။ ရေနံ ကုမ္မဏီ Total ပြန်ထွက်သွားတဲ့ အကြောင်းလဲ တွေ့ ။ (ပရောဂျက် သက်တမ်းကုန်လို့ ဖျာလိပ်သွားတာ ဖြစ်ဖို့ များပါတယ်။ မြန်မာပြည်သူ/ပြည်သားတွေကို စေတနာရှိလွန်းလို့တော့ ဖြစ်မယ့်ပုံ မပေါ်ဘူး။) ကျားပေါက် ပြောသလို စိတ်အတက်အကျ မြန်တဲ့ ရောဂါ (Bipolar) လဲ ကိုယ့်ဆီမှာ ရှိနေပီလား မသိတော့ဘူး ။ အာရုံစူးစိုက်မှု မရှိတာတော့ သေချာတယ်။ ပိုက်ဆံ ပိုရှာရမယ် ဆိုတဲ့ အတွေး ခေါင်းထဲ ရှိတယ်။ ဘယ်လို ရှာရမလဲ မသိတာ တစ်ခုပဲ ။ တစ်နေကုန် ကွန်ပျူတာ ရှေ့ထိုင် ထိုင်းမှိုင်း ၊ ဟိုလျှောက်လုပ် ဒီလျှောက်လုပ် နဲ့ နေ့တာတွေ တိုသွားတာလား။ ဒီနေ့လဲ PDF တွေ ကျဆုံးတဲ့သတင်း ၊ ရွာတွေ မီးရှို့ခံရတဲ့ သတင်းတွေ ဖတ်ရတယ်။ မဖတ်ရတဲ့ နေ့ရော ရှိသေးရဲ့လားတောင် မသိပါဘူး။ စိတ်ထဲမှာ မွန်းကြပ်လွန်းနေတယ်။ အတွေးတွေ များလွန်းနေလို့ ဖြစ်မယ်။

မလွတ်မြောက်ခြင်း မှတ်တမ်း (ဇန်-၁၆,၂၀၂၂)

အာဏာသိမ်းတာ တစ်နှစ် ပြည့်တော့မယ်။ #FailedCoup လို့ ပြောဆိုနေတဲ့သူတွေ ရှိသလို စစ်ကောင်စီ စစ်ခွေးတွေရဲ့ အကြမ်းဖက်မှုတွေကြောင့် ထိခိုက်နစ်နာ ဘဝပျက်ခဲ့ရတဲ့ မိသားစုပေါင်းလဲ သိန်းချီ သောင်းချီ ရှိနေပြီပဲ ။ မြို့ပြတွေပေါ်မှာ ဘာမှ မဖြစ်ချင်ယောင် ဟန်ဆောင်ပြီး ပျော်သလို နေနေကြပေမယ့် ကျေးလက်တောရွာတွေမှာ လက်နက်ကိုင်တော်လှန်ရေးက နက်နက်ရှိုင်းရှိုင်း ဝင်နေပြီ ။ သားဖြစ်သူ ကိုင်ဖို့ တူမီးလက်နက်အတွက် နားကပ်ဖြုတ်ရောင်းပေးတဲ့ လယ်အလုပ်သမ မိခင်တစ်ယောက်အကြောင်း RFA Interview Video ကြည့်လိုက်ရတယ်။ မနေ့ညက ဆွေမျိုး ကြီးကြီးတစ်ယောက် နှလုံးအမောဖောက်ပြီး ကွယ်လွန်သွားတယ်။ သေဆုံးခြင်း နဲ့ ရှင်ခြင်း ကြားမှာ ပဝါပါးပါးလေးပဲ ခြားတယ် ဆိုသလိုပေါ့ ။ ခေတ်ဆိုးထဲကနေ လွတ်မြောက်သွားပြီ လို့ အကောင်းဘက်ကနေ တွေးကြည့်မိတယ်။ ကျန်နေရစ်သူတွေအတွက်ရော ဘယ်လို စိန်ခေါ်မှုတွေ ဆက်လာဦးမလဲ။ စစ်ကျွန်ဘဝ အောက်မှာရော ဘယ်လောက်ကြာကြာ ဆက်နေရဦးမလဲ။ ပြည်တွင်းစစ်ကြောင့် ကိုယ်ကိုယ်တိုင် အိုးပစ်အိမ်ပစ် ထွက်ပြေးရမယ် ဆိုရင်ကော ဘယ်လို လုပ်သင့်သလဲ။ ဒီနိုင်ငံက တစ်ယောက်စာ ရှောင်သွားနိုင်တယ် ဆိုရင်တောင် ကိုယ့်မိသားစု ဆွေမျိုးတွေအတွက် ဘယ်လို စဥ်းစားရမလဲ။ ဒီနေ့က ပြာသို လပြည့် – အမေနေ့ ။ အနာဂါတ်မှာ ကိုယ့်ကိုယ်ကို ဘာကောင်ဖြစ်မလဲ လို့ စဥ်းစားလို့ မရတဲ့ နေ့တွေ။ 30 days of Javascript – ၅ ရက်မြောက်နေ့ ရောက်ပြီ ။ Gym ဆော့ဖြစ်တယ်။ (တစ်ခုခု ပြေးရလွှားရ ဆို ကိုယ့်ဗိုက်တောင် ကိုယ် မသယ်နိုင်မှာစိုးလို့။) အိပ်ရတော့မယ်။ မအိပ်ခင် ကျောင်းခိုးတက်တဲ့ ခွေးသားတစ်ကောင်ကို ဆဲလိုက်ရသေးတယ်။ ဘယ်သူသေသေ ငတေမာရင် ပြီးရော ဆိုတဲ့ စိတ်ဓါတ်တွေ ။ ဒီလိုစိတ်ဓါတ်တွေကြောင့် စစ်ကျွန်ဘဝ မှာ နေသားကျနေကြတာ။

မလွတ်မြောက်ခြင်း မှတ်တမ်း(ဒီဇင်ဘာ-၁၄)

မကြာခင်ဆို ၂၀၂၂ ထဲကို ဝင်တော့မယ်။ ဖေဖော်ဝါရီကနေ ဒီကြားကာလက ဘယ်လို ပျောက်လို့ ပျောက်သွားမှန်းမသိဘူး ။ ကုန်စျေးနှုန်းတွေက တအိအိ နဲ့ တက်နေတယ်။ ပဲပြုတ်ကနေ ကြေးအိုး အထိပဲ။ လာမယ့်နှစ်တွေမှာ အခြေခံစားကုန် – ဆန်၊ဆီ၊ဆားက အစ အကုန် စျေးတွေ တက်ပြီး လူတွေ ကြပ်တည်းကြလိမ့်မယ် လို့ ထင်တယ်။ ရွှေဘိုဘက်က ဆန်စပါးစိုက်ပြီး အသက်မွေးဝမ်းကြောင်းနေရတဲ့ လယ်သမားတွေကအစ အိမ်ပစ်၊ယာပစ် အကုန် ထွက်ပြေးနေရတာဆိုတော့။ ဒီနေ့ KNU ပိုင် နယ်မြေထဲကို စစ်ခွေးတွေဝင်ပြီး ပြည်မက ရှောင်ပြေးလာတဲ့သူတွေကို ဝင်ဖမ်းတယ်။ ဒီဇင်ဘာ – ၁၀ ရက်နေ့ ၊ ပြည်လုံးကျွတ် အသံတိတ် ဆန္ဒပြတဲ့ အရှိန်တွေ ခတ်တုန်း ။ ရန်ကုန်မြို့က အလွတ်တန်း ဓါတ်ပုံဆရာတစ်ယောက်လဲ အသံတိတ်သပိတ် ကို ဓါတ်ပုံရိုက်ရာကနေ အဖမ်းခံရပီး ဒီနေ့ သေဆုံးကြောင်း သတင်း ဖြစ်တယ်။ ၁၀ ရက်နေ့ ပိတ်တဲ့ စျေးသည်တွေကိုလဲ လက်နက်ပြပြီး နိုင်ထက်စီးနင်း လုပ်တာတွေလဲ ကြားရတယ်။ ဘာဆို ဘာမှ ကောင်းကျိုးမပေးတဲ့ မအလိုး စစ်တပ်ပါပဲ။ ဒီကြားကာလမှာ ကိုယ့်အတွက် စားနေသောက်နေနိုင်တဲ့ အခြေအနေ ဖြစ်နေသေးတာကြောင့် လက်ရှိအလုပ်ကိုတော့ ကျေးဇူးတင်ရပါတယ်။ (ဒါတောင် မူလတန်းကတည်းက စသင်ခဲ့ရပေမယ့် အခုထိ မီးကျိုးမောင်းပျက် အင်္ဂလိပ်စာကြောင့် စိတ်ဓါတ်ကျမိတယ်။) တခါတလေကျ လိပ်ပြာ မလုံဘူး ။ တခါတလေကျလဲ ဒီနိုင်ငံမှာ ဘာကြောင့် မွေးလာသလဲ လို့ တွေးမိတယ်။ တိုက်ပွဲ ထဲ မရောက်သေးတဲ့သူမို့ အတွေးများတာ ဖြစ်မယ်။ မီးတွေ ဆက်တိုက် ခနခန ပျက်လာတယ်။ ဒီအရာတွေ အားလုံး အမြန် ပြီးဆုံးပါစေတော့လို့ပဲ အိပ်မက် မက်မိတယ်။ အရေးတော်ပုံ အောင်ရမည်။

မလွတ်မြောက်ခြင်း မှတ်တမ်း(ဇူလိုင် ၁၁ ရက်နေ့)

ကိုဗစ်အခြေအနေ ဒီဇူလိုင်လ ထဲမှာ တော်တော်ဆိုးဆိုးရွားရွား ဖြစ်နေတယ်။ ကလေးမြို့မှာတော့ အောက်ဆီဂျင် ပြတ်လပ်တဲ့အဆင့်အထိ ဖြစ်နေပြီ။ ပိုက်ဆံ ရှိရင်တောင် ဝယ်မရတော့ဘူး ။ ရန်ကုန်မြို့ပေါ်မှာလဲ အောက်ဆီဂျင်စက်ရုံတွေကို စစ်ခွေးတွေက ပြင်ပပုဂ္ဂလိကရောင်းချခြင်း မပြုဖို့ ပိတ်ပင်တာမျိုးတွေ လုပ်လာတယ်။ ကိုယ်တိုင်လဲ ပီးခဲ့တဲ့ အပတ် တနင်္ဂနွေ တုန်းက စဖျားတယ်။ ၂ ရက်လောက်တော့ အဖျားတက်လိုက်တယ်။ ခေါင်းမူးတာ နဲ့ လည်ချောင်းနာတာလောက်ပဲ ဖြစ်ပီး အဖျားပြန်ကျသွားတာ ။ ဒါပေမယ့် နှာစီးတာကနေ အခုတော့ အနံ့မရသလို ဖြစ်နေတယ်။ သွေးရိုးသားရိုး အနံ့မရတာ ဖြစ်ဖို့ပဲ ဆုတောင်းတယ်။ ကိုယ် ဖြစ်လိုက်တာထက် အဖေ့ဆီကိုပါ ကူးပြီး တစ်ခုခု ဖြစ်မှာ စိုးရိမ်တယ်။ အဖေ လဲ အဖျားတော့ နဲနဲ ရှိလာတယ်။ ခေါင်းမူးတယ်။ လည်ချောင်းနာတာ ခန ဖြစ်တယ်။ တစ်ခုခု ဖြစ်ခဲ့ရင်တောင် ရန်ကုန်မြို့ပေါ် အောက်ဆီဂျင် ရဖို့က အရမ်းခက်နေပြီ။ အရင်တုန်းက ကပ်ကြီး ၃ ပါး ဆိုတာကို သြကာသကန်တော့ချိုးထဲမှာပဲ ထည့်ဆိုခဲ့ဖူးတာ။ အပြင်မှာ တကယ်ကြုံမှ သွေးပျက်စရာမှန်း ခံစားတတ်တော့တယ်။ ဒါပေမယ့်လဲ ကိုယ့်အခြေအနေက ရန်ကုန်မြို့ကြီးပေါ် လုံလုံခြုံခြုံ တိုက်ခန်းတစ်ခုထဲမှာ အမိုးအကာ နဲ့ ၊ စားသောက်စရာ နဲ့ ရှိပါသေးတယ်။ ကိုယ့်ထက် အခြေအနေ ဆိုးရွားပြီး အိမ်ပစ်ရာပစ် ထွက်ပြေးနေရတဲ့ သူတွ၊ အကျဥ်းထောင်ထဲ ရောက်နေတဲ့သူတွေ ရဲ့ ဒုက္ခတွေနဲ့ယှဥ်ရင်တော့ စာဖွဲ့စရာ မဟုတ်တော့ပါဘူး။ ဒီအခြေအနေတွေအားလုံးက လွတ်မြောက်မယ့် တစ်နေ့ကို အမြန်ရောက်ချင်ပြီ ။ နေကောင်းပျောက်ကာစ နေရောင်ခြည် ကို စထိတွေ့ရတဲ့ အချိန် ၊ ငယ်ငယ်တုန်းကလို အကြာကြီး ဖျားရာကနေ နေပြန်ကောင်းပီး ကျောင်းကို ပထမဆုံး သွားရတဲ့နေ့လိုမျိုး ခံစားချက်မျိုး ရချင်လိုက်တာ ။ အခုက အကုန်လုံး အစစရာရာ အဖက်ဖက်ကနေ ပိတ်လှောင်ထားသလို ခံစားရတယ်။ အသက်ရှု ကျပ်သထက် ကျပ်လာတာမျိုး။ အဖေ ကလဲ ပြောစကား လက်မခံပဲ ဘာမှ မစားဘူး ဖြစ်နေတယ်။ တနေကုန်လို့ ကြက်စွပ်ပြုတ်တစ်ခွက်တောင် မကုန်ဘူး။ ဒုက္ခ ကြုံမှ အမိ နဲ့ ဘုရား တတတ်တော့တာပဲ ။ အခုလိုအချိန် မိသားစု သိုက်သိုက်ဝိုင်းဝိုင်း

မလွတ်မြောက်ခြင်း မှတ်တမ်း (ဇွန်လ ၂၈ ရက်နေ့)

ဘာလိုလို နဲ့ ဇွန်လ တောင်ကုန်တော့မယ်။ စိတ်ထဲမှာ ပိတ်လှောင်နေတယ်။ ထောင်ချောက်တစ်ခုထဲမှာ အမိခံနေရသလိုမျိုး ။ ဘယ်လိုလုပ်ရင် လွတ်မလဲ မသိတဲ့ အချိန်ပေါ့ ။ COVID အခြေအနေကလဲ ပြန်ဆိုးလာတယ်။ စကစ လက်အောက်ခံ ကျန်းမာရေးဘက်က ထုတ်သမျှကို မယုံကြည်ပေမယ့် ကလေးမြို့ဘက်မှာ ကိုယ်တွေ့ကြုံနေရတဲ့ သူငယ်ချင်းတွေရဲ့ ပြောစကားကြောင့် COVID က ထိန်းချုပ်သူ မဲ့နေတဲ့သဘော လက်ခံမိတယ်။ စစ်တပ်ကတော့ သူတို့ ကိုယ်ကျိုးအတွက် လူတွေ လမ်းကြောင်းပြောင်းနိုင်တဲ့ ဒီရောဂါပိုးကို ထိန်းချုပ်မယ့် ပုံ မပေါ်ပါဘူး ။ ဇွန်လ ၂၅ ရက်နေ့မှာ အဆိုတော် ရေမွန် – လွတ်မြောက်နယ်မြေဘက်မှာ ဆုံးတယ်။ မနေ့က စပြီး Facebook ပေါ်မှာ သူ့ရည်းစား ၃ သိန်းပြန်တောင်းတဲ့ ကိစ္စ(ဟုတ်/မဟုတ် မသေချာတာ)တွေနဲ့ အပြန်အလှန် ဆဲဆိုနေကြပြန်တယ်။ လူတွေ အာရုံထဲမှာ တော်လှန်ရေး မရှိတော့တာလား။ ဗမာတွေက ကျွန်ဘဝ နဲ့ နေခဲ့တာ ကြာတော့ လူးသာလွန့်သာ အခြေအနေလေးကို အင်မတန် မက်မောနေကြပုံ ပေါ်တယ်။(တိုးတက်တဲ့ အမြင်ရှိတဲ့ လူငယ်တွေကလွဲရင်)။ လွယ်လွယ် နဲ့ အရှုံးပေးပီး ငါ့ဘက်ကို ဒုက္ခရောက်မလာသရွေ့ အဆင်ပြေတယ် ဆိုတဲ့ သောက်ချိုးမျိုးတွေ လုပ်တယ်။ CDM Support တွေ တခုပြီး တခု ကျရှုံးနေတာ သာဓက ပဲ။ တဦးတယောက်ချင်းဆီမှာ တာဝန်ယူစိတ် မရှိကြတော့တာရယ်၊ ရေရှည် plan ကောင်းကောင်းမွန်မွန် မရှိတာရယ်တွေကြောင့်ပဲ။ သံပုံးတီးသံ တွေလဲ တစ်လမ်းချင်းဆီ ရပ်ကုန်ပီ ။ လှသောင်းတွေ ကျဆုံးကုန်ပီပေါ့။ ဒီတိုက်ပွဲက ရေရှည်မှာ ဘယ်လို ဆက်သွားကြမှာလဲ။ မသေချာမှုတွေကြောင့် ဖြစ်တဲ့ ဒေါသတွေကို NUG/CRPH အပေါ် ပုံချလိုက်လို့တော့ ရမယ်။ ဒါပေမယ့် ကိုယ်တစ်ဦးတည်း အနေနဲ့ရော ဘယ်လောက် လုပ်ပေးနိုင်မလဲ။ ဒီနေ့ နေ့လည်စာ ထွက်စားတော့ လျှပ်စစ်ရုံးမှာ မီတာ တန်းစီဆောင်နေကြတာ တွေ့တယ်။ ကိုယ့်အိမ်ကိုလဲ မီတာစာရွက် မနေ့တနေ့က ရောက်တယ်။ မီတာခ သွားဆောင်သင့်သလား။ ကျည်ဖိုးပေးလိုက်သလို ဖြစ်မလား။ မဆောင်လို့ မီးဖြတ်ခဲ့ရင်ရော ဘယ်လို ဆက်လုပ်မလဲ။ မီတာခ ဆိုတာက အရှုံးအမြဲပေါ်တဲ့ လျှပ်စစ်ဝန်ကြီးဌာနနဲ့ ဆိုင်တဲ့အတွက် အမြတ်ရနေတဲ့ အခြားဝန်ကြီးဌာနတွေအောက်မှာ အခွန်ပေါင်းများစွာပေးဆောင်နေတဲ့

မလွတ်မြောက်ခြင်းမှတ်တမ်း (ဇွန်လ ၂၁ ရက်နေ့)

ဒီနေ့ ကိုထွန်းအောင်ကျော် ရေးတဲ့ ABSDF သမိုင်းကြောင်းစာအုပ် ဖတ်ဖြစ်တယ်။ အစပိုင်းမှာတင် တရားကျတာ။ ဗဟိုကော်မတီ မဖြစ်ခင်ကို အချင်းချင်း ကွဲပြဲနေကြလို့ ။ အချင်းချင်း ချောက်ချတာတွေ ၊ မနာလို ဖြစ်တာတွေ ၊ လက်နက်ကိုင်နိုင်သွားတာနဲ့ နိုင့်ထက်စီးနင်းဖြစ်တာတွေ ကြားထဲမှာ အဲဒီခေတ် စစ်အစိုးရ က အလွယ်တကူ ဝါဒမှိုင်းတိုက်ပြီး ဖျက်စီးနိုင်ခဲ့တယ်။ အခုခေတ် ၂၀၂၁ မှာရော – ဒါမျိုး ထပ်ဖြစ်မှာကို စိုးရိမ်တယ်။ အသက်ပေါင်းများစွာ စတေးပေးခဲ့ရတဲ့ သမိုင်းကနေ ကျွန်တော်တို့တတွေ ပြန်မသင်ယူနိုင်ဘူးဆိုရင် ကျွန်တော်တို့လောက် အ,တဲ့ လူမျိုး ရှိတော့မှာ မဟုတ်ဘူး။ ဒီနေ့ မုံရွာမြို့လယ်ခေါင်မှာ ဆန္ဒပြမှု ပြန်ဖြစ်တယ်။ လူငယ်တွေကတော့ သွေးမအေးသေးဘူး ဆိုတာ သေချာတာပေါ့။ ဒီစာရေးနေတုန်းမှာပဲ ကိုဆောင်းခ ရေးတဲ့ ‘ဗမာလူငယ်တွေ ဘာလုပ်ရမလဲ‘ ဆိုတဲ့ ဆောင်းပါး ဖတ်လိုက်ရတယ်။ ဗမာဖက်ဆစ်စစ်တပ် ကလဲ ရွာတွေဝင် ၊ ဖျက်စီး ၊ လူသတ် ၊ ပစ္စည်းယူ – ဆက်တိုက်လုပ်နေတယ်။ ကင်းမရွာ ရွာလုံးကျွတ်နီးပါး မီးလောင်တိုက်သွင်းခံခဲ့ရတယ်။ တနေ့က ဒေါ်အောင်ဆန်းစုကြည် မွေးနေ့မှာတော့ ပန်းသပိတ် တစ်နိုင်ငံလုံးနီးပါး (နိုင်ငံတကာ ကပါ) လုပ်ကြတယ်။ တချို့က ဒေါ်အောင်ဆန်းစုကြည် ရဲ့ အခန်းဂဏ္ဍ ကို ဝေဖန်နေကြတာလဲ တွေ့သလို တချို့ (ကျောင်းသားခေါင်းဆောင်တွေတချို့ အပါအဝင်) ဒေါ်အောင်ဆန်းစုကြည် မွေးနေ့အတွက် ပါဝင်ဖို့ တိုက်တွန်းနေကြတာလဲ တွေ့တယ်။ ဒါပေမယ့် တကိုယ်ရေဆန္ဒ အရတော့ ဒီနွေဦးတော်လှန်ရေး အပြီးမှာတော့ ဒေါ်အောင်ဆန်းစုကြည် မပါတဲ့ နိုင်ငံရေးမျိုး ဖြစ်တာ ပိုသင့်တော်မယ်လို့ ခံစားနေရတယ်။ တဖက်က ကြည့်ပြန်ရင်လဲ ဗမာဖက်ဆစ်စစ်တပ် ကို အမြစ်ဖြုတ်နိုင်ခဲ့ရင်တောင် တိုင်းရင်းသားလက်နက်ကိုင်အင်အားစုတွေက ကျန်ရှိနေဦးမှာဆိုတော့ ဒီလက်နက်ကိုင်တွေကိုရော ဒေါ်အောင်ဆန်းစုကြည်မဟုတ်တဲ့ သူတစ်ယောက်ယောက်က စေ့စပ်နိုင်စွမ်းရှိပါ့မလား။ ဒါကိုလဲ သံသယ ဖြစ်မိတယ်။ အခု ဒီစာ ရေးနေတုန်းမှာ ဖေ့ဘုတ်ပိုစ့် တစ်ခုအောက်မှာ ဒေါ်စု မှားတယ်/မမှားဘူး အငြင်းအခုန် cmt တွေ ဖတ်နေရတယ်။ တစ်ကိုယ်ရေ အမြင်အရ ဆိုရင် ၂ ဖက်စလုံး မှန်တယ်။ ဒါပေမယ့် နွေဦးတော်လှန်ရေး နိုင်တဲ့အထိ ဖြစ်မှ NLD ၅ နှစ် တာဝန်ယူခဲ့တဲ့အနေအထားကို ထည့်တွက်ပြီး ၅၀-၅၀

မလွတ်မြောက်ခြင်း မှတ်တမ်း (ဧပြီ ၁၄ရက်နေ့)

အချိန်တွေကြာလာသလို အချို့သူတွေလဲ အားရော့ကုန်ပီ ထင်တယ်။ လမ်းထဲမှာ သံပုံးတီးသံတွေ ရော့လာတယ်။ ကြွေးကြော်သံတော့ မရှိသလောက်ပဲ။ ဦးပိုင် အဆောက်အဦး နဲ့ ရပ်ကွက်ရုံးတွေမှာ စစ်သား (သို့) ရဲ တွေ နေရာဖြန့်ချထားတာတွေကြောင့်လဲ ပါမယ်။ အရေအတွက်က မများပါဘူး။ ဒါပေမယ့် လက်နက်ရှိနေတာရယ် ၊ နေရာတိုင်းမှာ ထင်တိုင်းရမ်းကားနေတာရယ်တွေကြောင့် လူတွေက ကြောက်/ရွံကြီး ဖြစ်နေတာ။ နေရာတိုင်းမှာ မတရားမှုတွေ ဖြစ်နေတယ်။ ကားတွေ တားစစ်တယ်။ ပစ္စည်းတွေကို ထင်သလို ယူတယ်။ ဆိုင်တွေကို ဖောက်တယ်။အဖိုးတန်ပစ္စည်းတွေကို ခိုးတယ်။ အရင်က ၈၈ အကြောင်း စာအုပ်တွေထဲမှာ ဖတ်ခဲ့ဖူးသမျှထက် ပိုဆိုးရွားတာတွေက ဗမာစစ်တပ် ကျူးလွန်နေတာ။ လူသတ်တာလဲ အယောက် ၇၅၀ ကျော်သွားခဲ့ပီ။ နေ့တိုင်းမှာ အားတက်စရာဆိုလို့ တိုင်းရင်းသားလက်နက်ကိုင်တပ်တွေကြောင့် စစ်ခွေးတွေ သေကြေနေတဲ့သတင်းမြင်ရဖို့ပဲ။ အမုန်းတရားက များနေပီ။ Free Burma Ranger မှတ်တမ်းရုပ်ရှင်ထဲကလို – ဘုရားသခင် အနေနဲ့ ဒီဗမာစစ်တပ်ကို မမုန်းမိဖို့၊မနာကျည်းမိဖို့ ဘယ်လို မေတ္တာတရားထားစေချင်သလဲ လို့ပဲ မေးရမယ်။ ရန်ကုန်မှာ သပိတ်တွေ အားပျော့သွားပေမယ့် နယ်ဘက်မှာတွေတော့ အရှိန်ကောင်းတုန်း။ ကလေးမြို့ ၊ တမူးမြို့ဘက်မှာတော့ တူမီးတိုက်ပွဲတွေ ဆင်နွှဲနေကြပီ။ တနေ့၊တနေ့ ဘာအတွက် အသက်ရှင်နေသလဲ လို့ မေးမိတယ်။ ဒီတော်လှန်ရေးကြီးမှာ ကိုယ် ဘယ်နေရာက ပါဝင်နိုင်မလဲ ဆိုတာရောပဲ။အများပြောသလို ဒီလို မေးနေရပီဆိုကတည်းက မြေပြင်တိုက်ပွဲနဲ့ ဝေးကွာသွားလို့ ဖြစ်မှာ။ မနေ့က ဘယ်လိုမှ အဆက်အစပ်မရှိပဲ အမေစု ကို အိပ်မက်မက်တယ်။ အပြင်မှာ ၂ ခါလားပဲ တွေ့ဖူးတာကို အိပ်မက်ထဲမှာတော့ ထင်ထင်ရှားရှားပဲ။ တချို့သူတွေ ဘယ်လိုပြောနေကြပါစေ – မြန်မာ့တော်လှန်ရေးမှာတော့ သူ(မ) က အရေးကြီးတဲ့နေရာတစ်ခုမှာ အမြဲရှိနေမှာ ။ မျှော်လင့်ချက် သင်္ကေတ တစ်ခုနဲ့ပေါ့ ။ သူ(မ) အစိုးရအဖြစ် တာဝန်ယူခဲ့တဲ့ ကာလအတွင်းမှာ မကြိုက်ခဲ့တာတွေလဲ ရှိသလို ဒီမိုကရေစီအရသာကို အမြည်းကျွေးခဲ့နိုင်တယ်လို့တော့ လက်ခံမိတယ်။ အန်တီခင်ခင်ဝင်းရေးတဲ့ ‘ရေဆန်လမ်းမှ အပြန်’ ဆိုတဲ့ စာအုပ်ကိုလဲ တကျော့ ပြန်ဖတ်တယ်။ မဗေဒါ အံကိုခဲပီး ဒီဗေဒါအုပ်ကို ဒီတကြိမ် ထပ်ကျော်လာဦးမယ်လို့ ယုံကြည်ပါတယ်။ ဘဏ်တွေက တိုကင်ယူပီး ပိုက်ဆံထုတ်နေရသလို ပွဲစားတွေလဲ ပြန်ပေါ်လာတယ်။ မကြာခင်

မလွတ်မြောက်ခြင်း မှတ်တမ်း (ဧပြီ ၄ ရက်)

မနက် ၁၂ နာရီ ၁၅ မိနစ်။ မိုးတွေ ရုတ်တရက် ထရွာ ။ ငြိမ်းချမ်းခြင်း နိမိတ်လားလို့ ခံစားလိုက်ရလို့ ဒီစာ ရေးဖြစ်တာ။ အကြမ်းဖက် အုပ်စုကြောင့် သေဆုံးသူ ၆၀၀ ကျော်နေခဲ့ပီ။ အင်တာနက်တွေက ညပိုင်းတွေ ပိတ်တဲ့အပြင် ပီးခဲ့တဲ့ ရက်ကမှ Wifi Broadband Device တွေကိုပါ တနိုင်ငံလုံး ပိတ်လိုက်ကြတယ်။ လူငယ်တွေကတော့ sms တွေနဲ့ နေ့စဥ်သတင်းပို့ဖို့ ကြိုးစားနေကြတယ်။ နယ်ဘက်မှာတော့ ရေဒီယိုတွေ ပြန်အသုံးတည့်လာမယ် ထင်တယ်။ ဒါပေမယ့်လဲ တဖက်သတ်စီးဆင်းရတဲ့ သတင်းထက် အပြန်အလှန် အဆက်အသွယ်ရှိတာမျိုးက ပိုအဆင်ပြေမှာ။ ဒီရက်ပိုင်း စစ်တပ်ပိုင် မီဒီယာတွေပေါ်မှာ မတရား တရားစွဲဆိုခံရတဲ့သူတွေကို ရုပ်ပုံတွေနဲ့ ဆက်တိုက် ကြေညာလာတယ်။ ရန်ကုန်မြို့ထဲမှာတော့ မြေပြင်လှုပ်ရှားမှု သိသိသာသာ နည်းသွားပီ ။ ဒေါ်လာစျေးကလဲ ၁၅၀၀ ကျော် အထိ ဆက်တိုက် ထိုးတက်နေပီကို ။ ဘဏ်တွေကလဲ တိုကင်နဲ့သာ ငွေထုတ်ပေးနေတဲ့အပြင် ATM မှာပါ ငွေ မရှိတော့ဘူး။ မိုးတိတ်သွားပီ ။ တဖက်လမ်းမှာတင် ညဦးပိုင်းက ခွေးတွေ ဝင်ဆွဲသွားသေးတယ်လို့ ကြားလိုက်ရတယ်။ ဘာကြောင့်များ ဒီလောက်တောင် ပြည်သူတွေအပေါ် ဒုက္ခပေးချင်နေကြတာလဲ။