procrastination

in Fuck the Coup!, Monograph

မလွတ်မြောက်ခြင်း မှတ်တမ်း (ဧပြီ ၁၈၊ ၂၀၂၃)

မနေ့က နှစ်ဆန်း (၁)ရက်နေ့ ။ ၂၀၂၃ သင်္ကြန် ဘာမှ မဟုတ်လိုက်ပဲ ပြီးသွားပြန်ပြီပေါ့။ အိမ်ထဲမှာပဲ စာကြည့်လိုက် ၊ ဇာတ်ကားကြည့်လိုက်နဲ့ အချိန်တွေကုန်သွားတယ်။ စာမရေးဖြစ်တာတောင် ကြာပါပီ။ အဓိက က အိပ်မပျော်တဲ့အချိန်မှာ စိတ်များသက်သာမလားလို့ ကွန်ပျူတာ ထဖွင့်ပြီး ရေးလိုက်တာ။ မီးပျက်နေတယ်။ ပူလောင်ပြီး ခြင်က ကိုက် ၊ အပြင်ထွက်အိပ်မယ်ဆိုပြန်တော့လဲ ကြမ်းပိုးက ထိုးသလိုနဲ့ အခန်းထဲ ဝင်လိုက် ၊ ထွက်လိုက်နဲ့ မှောင်မှောင်မဲမဲကြီးထဲမှာ တစ်ယောက်ထဲ ဖြစ်ပျက်နေတာ။ ပိုဆိုးတာက စာမေးပွဲ ရှိတာကြောင့်လဲ ပါမယ်။

Procrastination

မြန်မာလိုဆိုရင်တော့ “အချိန်ဆွဲ ပျင်းရိခြင်း” လို့ ဘာသာပြန်ရမယ်ထင်တယ်။ အပျင်းကြော ကတော့ ငယ်ငယ်ကလေးထဲက ရေတောင် ထမသောက်ပဲ အော်ခေါ်ပီး သောက်ခဲ့တာဆိုတော့ အကျင့်ဆိုး ပြင်မရအောင် စွဲကပ်နေတာ။ Procrastination ဆိုတဲ့ အင်္ဂလိပ်စကားလုံးကို ကြားဖူးတာက ဒီနှစ်ပိုင်းမှ။ အရင်တုန်းကတော့ ကိုယ့်မှာ ပြဿနာ ရှိမှန်းတော့သိတယ်။ ဒါပေမယ့် အဓိပ္ပါယ်မဖွင့်တတ်ခဲ့ဘူး။ ကျောင်းသားဘဝတုန်းကတည်းက စာမေးပွဲနားနီးရင် ဖြစ်တဲ့ ရောဂါပေါ့ ။ ဒုတိယနှစ် ထင်တယ်။ ဘယ်လောက်ဆိုးသလဲဆိုတော့ မနက်ဖြန် စာမေးပွဲ တစ်ဘာသာ ဖြေတော့မယ့်အချိန်မှာ တညလုံး အိပ်မရလို့ သူငယ်ချင်း ခြင်ထောင်ထဲ ဝင်တိုးအိပ်ရတာ။ နောက်ပိုင်းနှစ်တွေလဲ အဲဒီပြဿနာ က ပိုပိုဆိုးလာတာပါပဲ။ အမေ့ကို ဘုရားစာရွတ်ခိုင်းရတာနဲ့ ပါချုပ်ဆရာတော်ကြီး တရားတွေ ဖွင့်ပီး အိပ်မှ အိပ်ပျော်တဲ့ စာမေးပွဲတွင်းညတွေ။ ပြဿနာ က ရှင်းရှင်းလေး။ တစ်နှစ်လုံး ကျောင်းစာ တလုံးမှ မလုပ်ခဲ့ပဲ စာမေးပွဲနားနီး တစ်ရက် ၊ နှစ်ရက် လိုမှ ကောက်လုပ်တာ။ ဆယ်တန်းလောက်ကတည်းက စတဲ့အကျင့်ဆိုတော့ နှစ် ဆယ်နဲ့ချီပီး ကျင့်သုံးခဲ့တာပဲ။ ပြဿနာကို ပိုဆိုးသွားစေတာက “ဒါကျက် ၊ ဒါမေး ၊ ဒါဖြေ” စနစ်အောက်မှာ ဖြစ်နေတော့ ဥာဏ်လေးနဲနဲကောင်း (သို့မဟုတ် – ကံလေးနဲနဲကောင်းပီး) စာမေးပွဲထဲမှာ ကျက်တာတိုး ၊ ချရေးပီး အမှတ်ကောင်းတဲ့အချိန်မှာ ပြဿနာကို ပြင်မယ့်အစား ကိုယ့်ဘာသာ အဟုတ်ကြီး ထင်သွားတော့တာ။ (ဒီနေ့ အိပ်မပျော်တော့ နားထောင်ဖြစ်တဲ့ podcast တစ်ခုမှာတောင် လူတစ်ယောက်က ပြောတယ်။ သူ့ပြဿနာက procrastination ကို ပြဿနာလို့ မမြင်ပဲ “ငါက စိန်ခေါ်မှုတွေထဲမှာ ပျော်မွေ့တဲ့သူပဲ” ဆိုတာမျိုး တွေးမိတာတဲ့။)

Podcast နောက်တစ်ပုဒ်မှာကျ procrastination မှာက Snowball Effect ရှိတယ် လို့ ဆိုတယ်။ Deadline တွေ နီးလာတော့ အကုန်ပြုံပီး ပြီးစလွယ်တွေ ဖြစ်ကုန်စေတဲ့ Snowball Effect ပေါ့။ နှင်းတွေက လုံးရင်း လုံးရင်း လုံးရင်း နဲ့ နှင်းလုံးအကြီးကြီးဖြစ်လာပီး တက်ဆောင့်တာမျိုး ကို ဆိုလိုတာ။ နောက် podcast တစ်ပုဒ်မှာကျ procrastination ပြဿနာရှိတဲ့လူတွေက ဘဝမှာ (သို့) အလုပ်မှာ အောင်မြင်မှုနည်းတဲ့အကြောင်း စစ်တမ်းတွေနဲ့ ပြောသွားတာ ပါတယ်။ အိပ်မပျော်တိုင်း (Snowball effect စခံစားရတဲ့အခါတိုင်း) လျှောက်နားထောင်မိတဲ့ podcast တွေထဲက မှတ်မိတာတွေ ပြန်ချရေးနေတာ။ ငယ်ငယ်တုန်းက ယာယီ solution အနေနဲ့ တစ်ခုခု နီးရင် (ဥပမာ – စာမေးပွဲ ဖြေခါနီးလိုမျိုး) ကိုရင် ဝတ်တာမျိုး လုပ်ဖူးတယ်။ အဲဒီတုန်းကတော့ စိတ်တည်ငြိမ်လို့ ဆိုတာမျိုးကြောင့် လုပ်ခဲ့တာဆိုပေမယ့် အခုကြီးမှ ပြန်စဥ်းစားကြည့်တော့ ငါက snowball effect ကို ရင်ဆိုင်နိုင်ဖို့ ယာယီ ခိုနားရာ ရှာလိုက်တာပဲ ဆိုတာမျိုး သိလာတယ်။ ကြီးလာတော့ ပိုဆိုးတာက ကျောင်းစာတင် မဟုတ်တော့ပဲ ကိုယ့်ရဲ့ စားဝတ်နေရေးအတွက် အရေးပါတဲ့ အလုပ်အတွက်ပါ ဖြစ်လာတာကို။ ဒီအကျင့်ကို ပြင်မှတော့ ရတော့မယ်။ မဟုတ်ရင် လုံးပါးပါးပြီး နှင်းလုံးကြီးအောက်မှာ ပျောက်သွားတော့မှာ။

Politics

တနေ့ကပဲ ပဇီကြီးရွာကို ဗမာစစ်တပ်က လေယာဥ်နဲ့ ဗုံးကြဲတယ်။ လူပေါင်းရာချီသေတယ်။ ပြည်တွင်း သင်္ကြန်ကတော့ တစပြင် ဖုတ်ဖုတ်ပါပဲ။ ဒါပေမယ့် ဒီနေ့ သင်္ကြန်တွင်း လုပ်သွားတဲ့ DJ ပွဲ ဓါတ်ပုံတွေ တက်လာသေးတယ်။ လူ ၁၀၀၀ လောက်တော့ ပျော်ပါးနေကြမယ် ထင်တယ်။ ဒါတွေကို စဥ်းစားလို့လဲ ပိုပိုဆိုးရုံပဲ ရှိမှာ ။ Social Media ကို လုံးဝ ဖြတ်ချဖို့ လိုနေပီ။ (မဖြတ်နိုင်လို့သာ တိုင်ပတ်နေတာ။ သူလဲ ဆေးစွဲသလိုပဲ စွဲနေတာပဲ။) တော်လှန်ရေးကာလ ၂ နှစ်ကျော်တော့ ကိုယ် လုပ်သင့်တာကို ပုံမှန် လုပ်နေဖို့ အရေးကြီးတယ် လို့ သိလာတယ်။ ခံစားချက် နောက် လိုက်နေရင် ဒီ ခံစားချက် ကို ဖြစ်စေတဲ့ အဖြစ်ဆိုးတွေထဲကနေ ရုန်းထွက်ဖို့ လမ်းစပျောက်သွားမှာလေ ။

Programming

recursion ကို ဘယ်လိုမှ စဥ်းစားလို့ မတတ်သေးဘူး။ မစဥ်းစားတတ်ဘူး လို့များ အဆိုးမြင်နေလို့ တကယ် မစဥ်းစားတတ်တော့တာလားလို့တောင် တွေးမိတယ်။ အလေ့အကျင့် နည်းတာလဲ ပါမယ်။ ကိုယ့်ဘာသာ program မှ မရေးဖြစ်တာ။ LeetCode , CodeWars မှာ ဝင်စမ်းသေးပေမယ့် ခနပါပဲ။ တစ်ခုခု စဥ်းစားမယ်ဆို ငယ်ထိပ်ကြီးက ပူထူလာတာ။ အဲဒါကို ရင်ဆိုင် ကျော်ဖြတ်နိုင်မှ ဖြစ်မယ်။ မဟုတ်ရင် Programmer ကောင်း ဖြစ်မှာ မဟုတ်ဘူး။

2023 ထဲမှာတော့ Python Package လိုမျိုး တစ်ခု ရေးနိုင်အောင်လုပ်မယ်။ Open Source Python Library တစ်ခု မှာ ဝင်ကူနိုင်ဖို့ လုပ်ရမယ်။ (ကိုယ် သုံးနေကျ tool တွေထဲက တစ်ခုခုမှာပေါ့) ။ ကျောင်းစာတွေကို ပုံမှန် revision ပြန်ပီး လေ့ကျင့်နိုင်အောင် အချိန် စီမံခန့်ခွဲရမယ်။ (ပြဿနာအားလုံးရဲ့ အခြေခံက procrastination ပါပဲ။) ဒီနှစ်တော့ Programming Language ကိုပဲ အာရုံစိုက်ပီး အင်္ဂလိပ်စာ ကို ခနမေ့လိုက်တော့မယ်။ နောက်နှစ်ကျမှပဲ Programming ကျွမ်းကျင်မှ English အတွက်ကို သေချာ တစ်ခုခု လုပ်ရမှာပဲ။

မီးပြန်လာပီ ။ အိပ်တော့မယ်။ မနက် ရေသွားကူးရဦးမှာ ။ Assignment တွေလဲ မပြီးသေးဘူး … Garrrrrrrrrrrrrrr >.<

P.S – ပူတူးလေးကို ချစ်တယ် 😛