မလွတ်မြောက်ခြင်း မှတ်တမ်း (ဧပြီ ၂၂)

Exam နောက် ၁ ရက် ၊ ၂ ရက် ဆိုရင် စာမေးပွဲ ဖြေရတော့မယ်။ မသိရင် ဆယ်တန်းစာမေးပွဲ ပြန်ဖြေတုန်းက အချိန်လိုမျိုး ပြန်ရောက်သွားသလိုပဲ။ ရေးဖြေ မို့လဲ ပါမယ် ထင်တယ်။ မဖြေခင် စိတ်တွေ တင်းကြပ်ပီး လုပ်ချင်တာတွေ လျှောက်လုပ်နေတာ။ ညပိုင်းကျမှ နဲနဲ တည်ငြိမ်သွားတော့တယ်။ Sailing Vlog တစ်ခု ကြည့်လိုက်တယ်။ ပူတူး ဆီကနေ အားပေးစကားတွေ ကြားရတယ်။ Sailing Vlog ကို ကြည့်ရင်း ဘာတွေးဖြစ်သလဲဆိုတော့ ဒီကောင်တွေ ဘာမှ မရှိတဲ့ ပင်လယ်ပြင်ကြီးထဲမှာ တစ်နေ့ – တစ်နေ့ မသေအောင် နေရင်း ဖြတ်သန်းကြမှာပဲ။ လိုချင်တဲ့ နေရာရောက်ဖို့ ဆိုတဲ့ ရည်မှန်းချက်နဲ့ ရှင်သန်။ target နေရာ ရောက်ပြန်တော့လဲ နောက်တနေရာ ထပ်ရွေးရပြန်ရော ။ ပူတူးပြောသလို စာမေးပွဲနားနီးရင် ကိုယ့်အတွေးအခေါ်ဥာဏ်တွေ အလင်းပွင့်နေသလိုပဲ ????

မလွတ်မြောက်ခြင်း မှတ်တမ်း (ဧပြီ ၁၈၊ ၂၀၂၃)

မနေ့က နှစ်ဆန်း (၁)ရက်နေ့ ။ ၂၀၂၃ သင်္ကြန် ဘာမှ မဟုတ်လိုက်ပဲ ပြီးသွားပြန်ပြီပေါ့။ အိမ်ထဲမှာပဲ စာကြည့်လိုက် ၊ ဇာတ်ကားကြည့်လိုက်နဲ့ အချိန်တွေကုန်သွားတယ်။ စာမရေးဖြစ်တာတောင် ကြာပါပီ။ အဓိက က အိပ်မပျော်တဲ့အချိန်မှာ စိတ်များသက်သာမလားလို့ ကွန်ပျူတာ ထဖွင့်ပြီး ရေးလိုက်တာ။ မီးပျက်နေတယ်။ ပူလောင်ပြီး ခြင်က ကိုက် ၊ အပြင်ထွက်အိပ်မယ်ဆိုပြန်တော့လဲ ကြမ်းပိုးက ထိုးသလိုနဲ့ အခန်းထဲ ဝင်လိုက် ၊ ထွက်လိုက်နဲ့ မှောင်မှောင်မဲမဲကြီးထဲမှာ တစ်ယောက်ထဲ ဖြစ်ပျက်နေတာ။ ပိုဆိုးတာက စာမေးပွဲ ရှိတာကြောင့်လဲ ပါမယ်။ Procrastination မြန်မာလိုဆိုရင်တော့ “အချိန်ဆွဲ ပျင်းရိခြင်း” လို့ ဘာသာပြန်ရမယ်ထင်တယ်။ အပျင်းကြော ကတော့ ငယ်ငယ်ကလေးထဲက ရေတောင် ထမသောက်ပဲ အော်ခေါ်ပီး သောက်ခဲ့တာဆိုတော့ အကျင့်ဆိုး ပြင်မရအောင် စွဲကပ်နေတာ။ Procrastination ဆိုတဲ့ အင်္ဂလိပ်စကားလုံးကို ကြားဖူးတာက ဒီနှစ်ပိုင်းမှ။ အရင်တုန်းကတော့ ကိုယ့်မှာ ပြဿနာ ရှိမှန်းတော့သိတယ်။ ဒါပေမယ့် အဓိပ္ပါယ်မဖွင့်တတ်ခဲ့ဘူး။ ကျောင်းသားဘဝတုန်းကတည်းက စာမေးပွဲနားနီးရင် ဖြစ်တဲ့ ရောဂါပေါ့ ။ ဒုတိယနှစ် ထင်တယ်။ ဘယ်လောက်ဆိုးသလဲဆိုတော့ မနက်ဖြန် စာမေးပွဲ တစ်ဘာသာ ဖြေတော့မယ့်အချိန်မှာ တညလုံး အိပ်မရလို့ သူငယ်ချင်း ခြင်ထောင်ထဲ ဝင်တိုးအိပ်ရတာ။ နောက်ပိုင်းနှစ်တွေလဲ အဲဒီပြဿနာ က ပိုပိုဆိုးလာတာပါပဲ။ အမေ့ကို ဘုရားစာရွတ်ခိုင်းရတာနဲ့ ပါချုပ်ဆရာတော်ကြီး တရားတွေ ဖွင့်ပီး အိပ်မှ အိပ်ပျော်တဲ့ စာမေးပွဲတွင်းညတွေ။ ပြဿနာ က ရှင်းရှင်းလေး။ တစ်နှစ်လုံး ကျောင်းစာ တလုံးမှ မလုပ်ခဲ့ပဲ စာမေးပွဲနားနီး တစ်ရက် ၊ နှစ်ရက် လိုမှ ကောက်လုပ်တာ။ ဆယ်တန်းလောက်ကတည်းက စတဲ့အကျင့်ဆိုတော့ နှစ် ဆယ်နဲ့ချီပီး ကျင့်သုံးခဲ့တာပဲ။ ပြဿနာကို ပိုဆိုးသွားစေတာက “ဒါကျက် ၊ ဒါမေး ၊ ဒါဖြေ” စနစ်အောက်မှာ ဖြစ်နေတော့ ဥာဏ်လေးနဲနဲကောင်း (သို့မဟုတ် – ကံလေးနဲနဲကောင်းပီး) စာမေးပွဲထဲမှာ ကျက်တာတိုး ၊ ချရေးပီး အမှတ်ကောင်းတဲ့အချိန်မှာ ပြဿနာကို ပြင်မယ့်အစား ကိုယ့်ဘာသာ အဟုတ်ကြီး ထင်သွားတော့တာ။ (ဒီနေ့ အိပ်မပျော်တော့ နားထောင်ဖြစ်တဲ့ podcast တစ်ခုမှာတောင် လူတစ်ယောက်က ပြောတယ်။ သူ့ပြဿနာက procrastination ကို ပြဿနာလို့