Malena

in Fuck the Coup!, Monograph

မလွတ်မြောက်ခြင်း မှတ်တမ်း (ဒီဇင်ဘာ ၁၁ ရက်၊၂၀၂၂)

Monica Bellucci

ဒီနေ့ Monica Bellucci ရဲ့ Malena ဇာတ်ကား ကြည့်ဖြစ်တယ်။ ကျော်လိုက် ရစ်လိုက် ပြန်ကြည့်လိုက်ပါပဲ။

Monica Bellucci သရုပ်ဆောင်တဲ့ “Tears of the Sun” ဆိုတဲ့ ဇာတ်ကားလဲ အရင် ကြည့်သေးတာ။ အဲဒီကနေမှ Monica Bellucci ဇာတ်ကားတွေ လိုက်ရှာကြည့်ဖြစ်တာဆိုတော့ ။ “Tears of the Sun” ကတော့ Nigeria နိုင်ငံမှာ အာဏာသိမ်းမှု ဖြစ်ပီး ပိတ်မိနေတဲ့ အမေရိကန်နိုင်ငံသားတွေကို အထူး mission လွှတ်ပီး သွားကယ်တဲ့ ဇာတ်လမ်းပါပဲ။ မြန်မာနိုင်ငံ ရဲ့ ပုံစံနဲ့တောင် ခပ်ဆင်ဆင်။ သူတို့ဆီမှာတော့ ရွာလုံးကျွတ် လူမျိုးမတူရင် Ethnic cleansing သတ်တာ။ ဒီမှာတော့ ရွာလုံးကျွတ် မဟုတ်ပေမယ့် အခုတောင် ပျူရွာ ၊ အနီရွာ ဆိုတာမျိုးတွေ ရှိနေပီ။ လူတွေကို လူ-လူချင်း သတ်ဖြစ်အောင် တွန်းအားတွေက ဘာတွေလဲ။ အဲဒီ သတ်ဖြတ်ခြင်းသံသရာ ထဲက ရုန်းထွက်ဖို့ နည်းလမ်းကရော ဘာလဲ။ လူဖြစ်ရခြင်း ရဲ့ အဓိပ္ပါယ်ထဲမှာ လူမျိုးမတူတာတွေ ၊ ကိုးကွယ်ရာမတူတာတွေက ဘယ်လောက် အရေးပါသလဲ။

ကဗျာ

ကဗျာပေါင်းချုပ် စာအုပ်တွေ ဝယ်ဖြစ်တယ်။ (မောင်ချောနွယ် ၊ အောင်ချိမ့် ၊ မင်းလူ ၊ တာရာမင်းဝေ) ။ ဘဝမှာ ပထမဆုံး ဝယ်ဖူးတဲ့ ကဗျာပေါင်းချုပ် ။ ဒါပေမယ့် အမြဲ စိတ်ထဲမှာ ငါ ကဗျာကို ခံစားတတ်ရဲ့လား ဆိုတာမျိုး မေးခွန်းရှိတယ်။ တချို့ ကဗျာစာပိုဒ် တွေကို နားလည်တယ် ၊ တချို့ အပိုဒ်တွေမှာ နားမလည်ဘူး ဆိုတာမျိုး ။ ဒါပေမယ့် သူများရှင်းပြမှ နားလည်တာမျိုးကြီးကျလဲ ကဗျာ ဖတ်ရတာ ဘယ် အဓိပ္ပါယ် ရှိမှာလဲ။ တာရာမင်းဝေ ရဲ့ “ကျောင်းဖွင့်ချိန်” ကို အသံထွက်ပီး ဖတ်ဖြစ်တယ်။ နှစ်ပေါင်း ၃၀ လောက် ရှိတာတောင် ကဗျာပါ အကြောင်းအရာတွေက လက်ရှိအချိန်ထိ မှန်နေတာ စိတ်မကောင်းစရာပဲ။ ကဗျာထဲမှာတော့ စစ်တပ်ခင်းပေးထားတဲ့ တုံးတံတားပေါ်ကနေ လျှောက်ရင်း သွေးပင်လယ်ကို လျှစ်လျှူရှုလိုက်တဲ့ လူတွေကို သမိုင်းတရားခံ မျိုး ပြောတယ်။ ဒါပေမယ့် တကယ်ရော တရားခံ ဖြစ်သလား။ ဗမာတွေက ပုံမှန်ဆို စစ်တပ်သား/သမီးမှန်း သိသိနဲ့တောင် လှရင်၊ရုပ်ချောရင်၊ ပိုက်ဆံရှိရင် အားပေးကြတာ။ အမှတ်သည်းခြေ မရှိတာလို့ပဲ ပြောမလား ၊ သမိုင်းမေ့ပီး တုံးအလွန်းတာ လို့ ပြောမလား။ အဲဒါတွေရဲ့ အကျိုးဆက် – လင်္ကာရည်ကျော် ရဲ့ “တိမ်တွေတောင်တွေနဲ့ ခရီးသည်” ထဲက ရဲဝင်း ပြောသလို မိတ္တူဆိုင်မှာ ကျွန်တော်က အဲဒါတွေ စိတ်မပါဘူး ဆိုတဲ့ သောက်ချိုးတွေ ထွက်လာမှာ။ အဲဒီလိုသာ ပေးဆပ်မယ့်သူတွေ မရှိခဲ့ဖူး ဆိုရင် စစ်တပ်က ဘယ်တော့မှ ကျဥ်းထဲကျပ်ထဲကို ရောက်မှာ မဟုတ်ဘူး။ နိုင်ငံတကာကလဲ ဒီလို လူတွေ သတ်တဲ့ ကောင်တွေ ဆိုတာမျိုး ပိတ်ဆို့မှုတွေ ရှိမှာ မဟုတ်ဘူး။ တိုးတတ်နေတဲ့ ခေတ်မှာ အထီးကျန် နိုင်ငံဆိုပီး နေလို့ မရဘူး ။ အထူးသဖြင့် စစ်ဗိုလ်ချုပ်တွေ ၊ ကာမဂုဏ်စည်းစိမ်းကို တပ်မက်တဲ့လူတွေ အတွက်ဆို ကမ္ဘာကြီးက ပိတ်ဆို့တဲ့အခါမှာ သူတို့ စည်းစိမ်ခံစားမှုတွေ အကန့်အသတ်နဲ့ ဖြစ်သွားတာကို ရေရှည်တောင့်မခံနိုင်ဘူး။(ဗမာပြည်က ဘီလီယံနာ တစ်ယောက် နဲ့ နိုင်ငံခြား ဘီလီယံနာ တစ်ယောက် မတူသလိုမျိုးပဲ။) ဒါကြောင့်လဲ ၂၀၀၈ ခြေဥ အောက်မှာ စစ်တပ်က အာဏာလွှဲသယောင် ပြခဲ့တာ။

နိုင်ငံရေး

အတွေးလွန်တတ်သူ တစ်ယောက်အနေနဲ့ တွေးစရာ မကောင်းဆုံးက “နိုင်ငံရေး” ပဲ။ မြန်မာနိုင်ငံရဲ့ ကောင်းပါပေ့ ဂန္တဝင်ဆိုတဲ့ ဇာတ်လမ်းတွေမှာတောင် ကြည်နူးစရာက နည်းတယ် လို့တောင် ပြောမိသေးတယ်။

ကမ္ဘာ့ဖလား ၂၂

နေမာ ရဲ့ ဘရာဇီးအသင်း ထွက်သွားပီ။ ရော်နယ်ဒို ရဲ့ ပေါ်တူဂီ ထွက်သွားပီ ။ ပြည်သူ့အချစ်တော် ဂေါင်းကြီး ရဲ့ အင်္ဂလန်အသင်း ထွက်သွားပီ။ စိတ်ထင် ပြင်သစ်ရနိုင်ချေများတယ်။ ဒါပေမယ့်လဲ အသင်းသေးတစ်သင်းသင်း (ဥပမာ – ခရိုအေးရှား ဖြစ်ဖြစ် ၊ မော်ရိုကို ဖြစ်ဖြစ်) ရသွားစေချင်တာ။ ဘာကြောင့်လဲ လို့တော့ မပြောတတ်ဘူး ။ ခံစားချက်ကို အနီးစပ်ဆုံးပြောရမယ်ဆို တချို့ ရှုံးသွားတဲ့ အသင်းတွေဆို နိုင်သွားတဲ့ အသင်းတွေကို သမိုင်းကြောင်းအရ နှစ်ပေါင်းများစွာ ကျွန်ပြုထားတာလေ။ (ကြားဖူးလိုက်တာအရ ဥပမာ – ရှုံးသွားတဲ့ စပိန်အသင်းက နိုင်သွားတဲ့ မော်ရိုကိုအသင်း ကို နိုင်ငံအရဆို ကိုလိုနီ ပြုဖူးတယ်။) အဲဒါဆိုတော့ အသင်းသေးတွေ နိုင်ခြင်းအားဖြင့် သမိုင်းကြောင်းကို လက်စားချေခွင့်ရသလို ခံစားရလို့။ အင်အားကြီးတိုင်း အစစအရာရာ စိုးမိုးတဲ့ ခေတ် မရှိစေချင်တော့ဘူး။