မနေ့က (စျေးကြီးပေး တက်ရတဲ့) online course တစ်ခု စတက်ဖြစ်တယ်။ ခရီးသွားမယ့် အချိန်နဲ့ conflict ဖြစ်လို့ email ပို့ပြီး အရေးဆိုလိုက်ရသေးရဲ့။ ပျက်စီးသွားတဲ့ ပညာရေးစနစ်နေရာမှာ နေရာဝင်ယူတဲ့ ပုံပါပဲ။ 2023 resolution ကို note ထဲမှာတော့ အကြမ်းဖျဥ်း ရေးဖြစ်တယ်။ အနည်းဆုံးတော့ အရင်နှစ်ကထက် Programming မှာ confident ရှိတဲ့သူ ဖြစ်ချင်တယ်။ နှစ်စမှာကတည်းက အလုပ်တွေတော်တော်များတယ်။ Time Management / Project Management အတွက် စိန်ခေါ်မှုတွေချည်းပဲ။ ပိတ်ရက်ကြောင့် Insomnia အကျင့် ပြန်ဖြစ်နေတာကိုလဲ ပြင်ရဦးမယ်။
Passport ရုံးတွေ ပိတ်ထားတယ်။ ခွေးသားတွေ ဘာကြံနေသလဲ မသိ။ ဒီနိုင်ငံက ထွက်သွားနိုင်ခဲ့ရင်ရော တကယ့် ဒုက္ခတွေရဲ့ လွတ်မြောက်ရာကို ရောက်နိုင်ပါ့မလား။ ဒီရက်ပိုင်း အမေရိကား တက္ကသိုလ် ကျောင်းသူ/သား ၄ ယောက်ကို သတ်သွားတဲ့ PhD ကျောင်းသားအမှုကိစ္စ လိုက်ဖတ်ဖြစ်နေတယ်။ နောက်ပီး ၆ နှစ်အရွယ်ကလေးက ဆရာမ ကို သေနတ်နဲ့ ပစ်တဲ့ ကိစ္စရော။ အဲဒီ ဖြစ်ရပ် ၂ ခုလုံးက မြန်မာပြည်မှာ မဖြစ်ဖူးလောက်ဘူး။ လူတွေရဲ့ (အထူးသဖြင့် လူအများစု) စိတ်ရင်းကို မပြောင်းလဲနိုင်ရင် ဒီမိုကရေစီရပီးရင်တောင် အခြေအနေတွေ ဆိုးမြဲဆိုးနေဦးမှာပဲ။ ဒါတွေကလဲ အချိန်ကာလတစ်ခု (နှစ်ပေါင်း ၁၀၀၊၂၀၀) ရောက်ရင် ပုံနှိပ်ထဲက သမိုင်းတွေ ဖြစ်ကုန်မှာပါပဲ။
သီချင်းများ
ဒီရက်ပိုင်း Pink Nation ရဲ့ Lily , Khar Khar ရဲ့ သိမ်ငယ်စွာနဲ့ချစ်လို့နေသူ သီချင်းတွေ ထပ်ခါထပ်ခါ နားထောင်ဖြစ်တယ်။ ခရစ်စမတ် ပိတ်ရက်ရှည်အတွင်းမှာ ဇာတ်ကားတွေ ကြည့်ဖြစ်တယ်။ အလုပ်နည်းနည်း လုပ်ဖြစ်တယ်။ အလုပ်လုပ်ရင်း အိန္ဒိယသီချင်းတွေ နားထောင်ရတာလဲ ပိုပီး focus ရသလိုပဲ။ (ချစ်သူ ပြောသလို အရင်ဘဝက အိန္ဒိယလူမျိုး ဖြစ်ခဲ့မလား မသိဘူး။)
မိသားစု
အမေ နဲ့ အန်တီမွှေးကို အိပ်မက်မက်တယ်။ နယ်မြို့လေးကို အိပ်မက်မက်တယ်။ အသက်တွေ ကြီးလာမှ ကိုယ် ပြန်ရောက်ဖို့ မလွယ်ကူတဲ့ နေရာတွေကို လွမ်းတတ်တဲ့ ခံစားချက် ပိုပြင်းထန်လာတယ်။ ဒါကြောင့်လဲ အလွမ်းအဆွေးသီချင်းတွေ ကြီးလေ နားထောင်လေ ဖြစ်မယ်ထင်တယ်။ ဒိုင်ယာရီ ရေးဖို့ စဥ်းစားဖြစ်တယ်။ ဒါပေမယ့် အပျင်းကြီးတာကြောင့် ပုံမှန် မရေးဖြစ်တာ။ Website ပေါ် ရေးဖို့ကျလဲ ကိုယ့်အကြောင်း အကုန် online ပေါ် တင်ရမှာ လက်တလော လုံခြုံရေး အတွက် မရေးချင်ဘူး။ အမှတ်တရတွေ ဦးနှောက်ထဲကနေ ပျောက်ပျက်သွားမှာလဲ စိုးရိမ်မိတယ်။
အနာဂါတ်
၂၀၂၃ က ၂၀၂၂ နှစ်သစ်တုန်းကထက်စာရင် နည်းနည်းတော့ သက်တောင့်သက်သာ ဖြစ်သလို ခံစားရတယ်။ ကိုယ်တိုင်လဲ သွေးအေးတဲ့လူစုထဲ ပါသွားလို့များလား။ ၂၂ တုန်းက နှစ်သစ်ကူးမှာ အနာဂါတ်မရှိသလိုကို ခံစားရတာ။ ၂၃ မှာက ကျောင်းတက်ဖြစ်တာတွေရော၊ အလုပ်မှာ အသားကျလာတာရောကြောင့် ဖြစ်မယ်။ move on လုပ်ရမယ် ဆိုပေမယ့် တော်လှန်ရေးကို လုံးလုံးမေ့လို့ မဖြစ်ဘူး။ တသက်လုံး စစ်ကျွန်ဖြစ်ခံလို့ မရဘူးလေ။
စာအုပ်တွေအများကြီး ဝယ်ထားပေမယ့် စာမဖတ်ဖြစ်ဘူး။ ဖတ်ဖို့ကို သတိမရတာ။ ကြက်တောင်ရိုက်တာတောင် သွားတလှည့်၊ပျက်တလှည့် ဖြစ်နေပီ။ စိတ်အလိုလိုက်တာတွေ ၂၃ မှာ လျှော့ရပဲ။ မဟုတ်ရင် အနာဂါတ်မှာ ဘာမှ မပြောင်းလဲဖြစ်နေမယ်။