တော်လှန်ရေးအကြောင်း မပါမယ့် တော်လှန်ရေးပန်းခြံရှေ့အနားက အချစ်အကြောင်းပါပဲ။ ဒီနေ့ ပထမဆုံး သူ(မ) နဲ့ အပြင်မှာ လူချင်းတွေ့ရတယ်။ ချစ်သူသက်တမ်း ၂ နှစ်ကျော် (၃ နှစ်နီးပါးလားမသိ) မှာ ပထမဆုံး တွေ့ရတာပဲ။ ၂၀၂၃ ကတော့ ကြည်နူးစရာတခုနဲ့ပဲ စဖွင့်ခဲ့ရသလို တညလုံး မအိပ်ထားပဲနဲ့လဲ တနေကုန် ဟိုသွားဒီသွားနဲ့ နေနိုင်ခဲ့တာ အံ့သြစရာပဲ။ သူ(မ) ကို စတွေ့လိုက်တဲ့အချိန်မှာ အရုပ်ကလေးတခုလိုပဲ ခံစားမိတယ်။ ရက်ပေါင်းများစွာ ဖန်သားပြင်ကနေတဆင့် မြင်ခဲ့၊ရင်းနှီးဖူးတဲ့ အရုပ်ကလေးတစ်ခုက အခု ကိုယ့်ရှေ့မှာ သက်ဝင်လှုပ်ရှားလာသလိုပဲ။ သူ(မ) ဘာပဲ လုပ်လုပ် ၊ အထူးအဆန်းလို ဒီကနေ့မှ စသိတဲ့သူတစ်ယောက်ကို မြင်နေရသလို ခံစားရတယ်။ အရင် ကျောင်းမှာတုန်းက သိခဲ့ဖူးတယ်လို့တောင် မထင်မိတဲ့အထိပဲ။ ပြုံးတဲ့ ပုံစံတွေ ၊ စကားပြောတဲ့ပုံစံတွေကအစ မြင်ရကြားရတာ ပိုချိုလာတယ်။ သူ(မ) ရဲ့ အထိအတွေ့ ၊ ကိုယ်သင်းရနံ့တွေအားလုံးက အမြဲ အနားနားမှာ ရှိစေချင်နေတဲ့အထိပဲ။ အချစ်အကြောင်းတွေ စာအရှည်ကြီး မရေးဖြစ်တာ တော်တော်ကြာပါပီ။ အဓိကက ချစ်တယ် ဆိုတာ ဘာလဲ ဆိုတာမျိုးအထိ အရင်က မေးနေမိတာ။ အတိတ်မှာ ကြုံခဲ့ရတာတွေက အခုချက်ချင်းပဲ ကိုယ်ပဲ အဖြတ်ခံရတော့မလား၊ အခုချက်ချင်းပဲ စိတ်ဆိုးမာန်ဆိုးနဲ့ တခုခု လုပ်လိုက်မလားဆိုတဲ့ စိုးရိမ်လောင်မြိုက်မှုတွေနဲ့ပဲ အဓိပ္ပါယ် ချဥ်းကပ်မိတယ်။ ဒါပေမယ့် သူ(မ) နဲ့ တွေ့ပြီးကတည်းက အခုအထိ မပြောင်းလဲတဲ့ခံစားချက်ကတော့ အားအင် ပဲ။ အမြဲ ကိုယ့်ဘေးနားရှိနေရင် အားအင်တခု ရနေသလိုပဲ။ စိတ်ကောက်မှာလဲ ကြောက်စရာမလိုဘူး။ ပြတ်မယ် ဘာညာ ဒရာမာတွေလဲ ယောင်လို့တောင် မတွေးဖူးဘူး။ တနေ့နေ့မှာ လက်ထပ်မယ်။ လောကအတွက် တတ်နိုင်သလောက် ကောင်းကျိုးတွေကို နှစ်ယောက် အတူတူ လုပ်ကြမယ် ဆိုတာမျိုး မတိုင်ပင်ထားပဲ လုပ်နေသလိုပဲ။ ဒီနေ့လဲ သူ(မ) အနားမှာ ရှိချိန် သာမန်လူလိုပဲ။ သူ(မ) လဲ မရှိရော လူက နှုန်းခွေသွားတာပဲ။ တနေကုန် သူ(မ) နဲ့ အတူတူ ရှိတဲ့အကြောင်းတွေ ပြန်တွေးရင်း အိပ်တော့မယ်။ အိပ်မက်ထဲမှာ လာနှောက်ယှက်ဦးမှာလဲ အသေချာပါပဲ။