in Fuck the Coup!, Monograph

မလွတ်မြောက်ခြင်း မှတ်တမ်း (စက်တင်ဘာ ၉ ၊ ၂၀၂၅)

လက်တလော Medical Checkup လုပ်ထားရတော့ ခေါင်းထဲမှာ ကျန်းမာရေး နဲ့ ပတ်သတ်တဲ့ အတွေးတွေ ဝင်နေတယ်။ ရှင်သန်ခဲ့ရတဲ့ ပတ်ဝန်းကျင် ၊ နေ့စဥ်နေထိုင်မှုပုံစံတွေကြောင့် ဒီ ခန္ဓာကိုယ်ကြီးက အသက် ၃၀ မှာတင် ပျက်စီးစပြုနေပြီ။ ပြင်ချင်စိတ် ရှိတာမှန်ပေမယ့် တကယ်ပြင်ဖြစ်သလား ဆိုတာက နောက် ၁၀ နှစ်လောက် နေရင် ခန္ဓာကိုယ်က အဖြေပေးတော့မှာ။

ဒီ blog က ရုံးမှာ အလုပ်မရှိလို့ စာထိုင်ဖတ်နေရင်း ရေးချင်စိတ် ဖြစ်တာနဲ့ ရေးမိတယ်။ ဖတ်ဖြစ်တာက Calling Bullshit ဆိုတဲ့ စာအုပ်။ ကိုယ်လဲ နည်းပညာသမားပဲမို့ အင်တာနက် ကမ္ဘာမှာ ကိုယ်တွေဘဝက နယ်ရုပ်အဆင့်ပဲ ဆိုတာတော့ နားလည်ထားပြီးသား။ အခု ဖတ်သလောက်မှာတော့ ဒီစာအုပ်က အဲဒီအကြောင်းကို ဥပမာတွေ၊တင်စားချက်တွေနဲ့ ရှင်းပြတာပါပဲ။ ဆိုလိုရင်းကတော့ Internet is bullshit ဆိုတာ။ “ငါတို့ခေတ်ရဲ့အတော်ဆုံး ဦးနှောက်တွေက လူတွေကို ads ဘယ်လို ရောင်းမလဲ (သူတို့ platform ပေါ်မှာ ကြာကြာနေအောင်) ဆိုတာကို အာရုံစိုက်တာ မြင်ရတာ ဝမ်းနည်းစရာပဲ” ဆိုတဲ့ ပြောစကားမျိုးက စဥ်းစားစရာ ပေးတယ်။ မြန်မာပြည်မှာ အခု Youtube/Facebook တွေမှာ လူတွေ စိတ်ဝင်စားအောင် လုပ်နေတဲ့ Fake news တွေ (အထူးသဖြင့် နိုင်ငံရေးနဲ့ သက်ဆိုင်တဲ့ အကြောင်းအရာတွေက) Political Propoganda ဆိုတာထက် အဲဒီကနေ ပိုက်ဆံ(အမြောက်အမြား)ရနိုင်တဲ့ အခြေအနေကြောင့်လဲ ဖြစ်နိုင်တယ်။ လုပ်တဲ့သူအတွက်ကတော့ win-win situation ပဲပေါ့ ။ Propoganda အနေနဲ့ ဖြန့်ရရင်လဲ အဲဒီအတွက် ပိုက်ဆံရတာရော ၊ Viewer တွေ ထောင်ချီဝင်လာလို့ ပိုက်ဆံရတာရော။

စဥ်းစားစရာတွေ

  • အရင်ခေတ်က သတင်းစာတစောင်ဖတ်ရဖို့ တော်တော်ခက်ခဲခဲ့လိမ့်မယ်။ အခုကတော့ လူတိုင်း CJ ဖြစ်နိုင်နေတယ်။ အဲဒီမှာ ရှိသင့်၊ရှိထိုက်တဲ့ ethics တွေ အကုန်သွားတာပဲ။
  • Fake News နဲ့ ပတ်သတ်ပြီး စဥ်းစားစရာ ၂ ခုလဲ ရတယ်။ Freedom of Speech အပိုင်း နဲ့ Fake News ဟုတ်/မဟုတ် ဆိုတာကို ဘယ်သူက ဆုံးဖြတ်မလဲ ဆိုတာပဲ။ ဥပမာ – ရိုဟင်ဂျာပြဿနာမှာ မြန်မာပြည်သူအားလုံးနီးပါး (ဒေါ်အောင်ဆန်းစုကြည် အပါအဝင်) က သတင်းအမှန် ကို အမှားပါ လို့ ဆုံးဖြတ်ခဲ့တာမျိုး ရှိခဲ့တယ်။
  • အကောင်းဆုံး ဖြေရှင်းနည်းကတော့ ပညာတတ် (educated people) တွေ ပိုပိုများလာဖို့ပဲ။ Media Literacy / Critical Thinking ကောင်းရမယ်။ ဖတ်သမျှ၊တွေ့သမျှထဲမှာ ဘယ်အရာက bullshit လဲ ဆိုတာ သိရမယ်။
  • Bullshit ဆိုတာ ဘာလဲ။ စာအုပ်ထဲမှာ ပေးထားတဲ့ ဥပမာ ပုံပြင်လေးကို သဘောကျလို့ အတိုချုံး ဘာသာပြန်လိုက်တယ်။ Sigmund Freud ကနေ သူ့ ဇနီး Martha Bernays ကို ၁၈၈၄ ခုနှစ် မှာ ပေးပို့တဲ့ စာတစောင်ထဲက အကြောင်းအရာပါ။

မနေ့က ငါ Lecture ပေးရတယ်။ သေချာပြင်ဆင်မထားပေမယ့် အနှောင့်အတားမရှိ ကောင်းကောင်း ပြောလိုက်နိုင်ပါတယ်။ ဘာကြောင့်လဲ ဆိုတော့ အဲဒီ အချိန်မတိုင်ခင် ငါ သုံးထားတဲ့ cocaine မူးယစ်ဆေးကြောင့်ပဲ။ ဘာတွေ ပြောခဲ့တာလဲဆိုတော့ Brain Anatomy (ဦးနှောက် တည်ဆောက်ပုံ) ထဲက ငါ့ရဲ့ ရှာဖွေတွေ့ရှိမှုတွေအကြောင်း။ နားထောင်သူ audience အနေနဲ့ အင်မတန် နားလည်ရခက်နိုင်တဲ့ အကြောင်းအရာတွေပါ။ အဲဒါမယ့် ကိစ္စ မရှိဘူး – အရေးကြီးတာက သူတို့တွေ ငါ တကယ်နားလည်ပြီး ပြောနေတယ် လို့ မြင်သွားဖို့ပဲ လိုတယ်။

  • အဲဒီအကြောင်းအရာ ကို ဖတ်ရင် မျက်လုံးထဲ တန်းမြင်တာက မြန်မာနိုင်ငံ က ဘုန်းတော်ကြီးအချို့ bullshit တွေ ပြောနေတယ် ဆိုတာပဲ။ ကိုယ်ကိုယ်တိုင် bullshit တွေ မပြောတဲ့သူ ဖြစ်ဖို့လဲ ကြိုးစားဖို့ လိုမယ်။
  • Sociologist of Science – Bruno Latour ရဲ့ “black boxes” metaphor ကလဲ စိတ်ဝင်စားဖို့ကောင်းတယ်။ တင်ပြတဲ့ အကြောင်းအရာတွေထဲမှာ လူတွေ သေချာမသိနိုင်တဲ့ ၊ စုံစမ်းရခက်ခဲနိုင်တဲ့ အခြေအနေတွေကို black box လိုမျိုး ထည့်ပြီး ပြောတာမျိုးက bullshit တွေပါပဲ။

နိုင်ငံရေး

ဗမာစစ်တပ်ရဲ့ ထိုးစစ်တွေကြောင့် တိုင်းရင်းသားတပ်တွေ ၊ PDF တွေ ထိန်းချုပ်ထားတဲ့ နေရာတွေ လက်လွတ်လိုက်ရတဲ့ သတင်းတွေ ဒီလထဲ တောက်လျှောက် ဖတ်ရတယ်။ အခြေခံအားဖြင့်တော့ တော်လှန်ရေးတပ်တွေရဲ့ စည်းလုံးမှု နည်းပါးတာ ၊ အာဏာမက်မောတာ စတဲ့အကြောင်းရင်းတွေကြောင့်လို့ ထင်တယ်။ ဒါပေမယ့် သမိုင်းတလျှောက် ပြန်ကြည့်ရင် တော်လှန်ရေး နဲ့ စစ်တပ်အကြား အနိုင်အရှုံးက ဘတပြန် ကျားတပြန်ပါပဲ။ နှစ်ဖက်စလုံး အပြုတ်တိုက်ဖို့ ဆိုတာ ဖြစ်မှ မဖြစ်နိုင်တာ။ ဒါပေမယ့် ဗမာစစ်တပ် ရဲ့ လက်နက်ကြီး ၊ လေယာဥ်တွေကြောင့်တော့ ကြားက မြေစာပင် ပြည်သူတွေအတွက် ပို ဒုက္ခရောက်တာပေါ့။ ဒေါ်အောင်ဆန်းစုကြည် ရဲ့ ကျန်းမာရေး (နှလုံးရောဂါ) ဆိုးလာတဲ့ သတင်းလဲ ဖတ်ရတယ်။ အိုးဘိုထောင် မှာ ဝေမိုးနိုင်တို့ အရိုက်ခံရတယ်။ Third Party ကြားခံအုပ်စု ဝင်လာလို့ ရတယ်။ ဒါပေမယ့် အဲဒီ ကြားခံက အခုလိုမျိုး ရာဇဝတ်မှုတွေကို ကျူးလွန်တဲ့ ဘယ်သူကို မဆို အရေးယူရဲတဲ့ ၊ အရေးယူနိုင်တဲ့ အနေအထား ဖြစ်မှပဲ ရမယ်။ NLD တုန်းကလဲ တကြိမ် မှားခဲ့ပြီးပြီ။ အခု NUG အောက်မှာလဲ စစ်ရာဇဝတ်မှု ကျူးလွန်ပြီး ဘာမှ မဖြစ်တာမျိုးလဲ မြင်ရပြီးပြီ။ (ဥပမာ – ရေးဘီလူး) အဆိုးဆုံးအခြေအနေမှာ တကယ့် အောက်ခြေက လူတွေအတွက် ဘာသာရေးကလွဲရင် အားကိုးစရာ မရှိတော့တဲ့ ပုံ ဖြစ်နေတယ်။ စားစရာတောင် အနိုင်နိုင် အနေအထားမျိုး ဆိုတော့။

အလုပ်

နှစ်မကုန်ခင် Certified တစ်ခုခု ရအောင်တော့ ဖြေဖို့ လိုနေပြီ။