in Fuck the Coup!, Monograph

မလွတ်မြောက်ခြင်း မှတ်တမ်း (ဧပြီ ၂၅၊၂၀၂၄)

Scholarship Essay ရေးရင်းနဲ့ရော ၊ လက်စမသပ်နိုင်သေးတဲ့ အလုပ်တွေကြောင့်ရော pressure တွေ snowball effect လို တက်နေတယ်။ မျက်နှာမှာတောင် မှုန်သုန်နေမယ့် အနေအထားရှိတယ်။ မနေ့ညကတော့ Essay ၂ ပုဒ် ပြီးအောင်အထိ ရေးဖြစ်တယ်။ ဒါတောင် မနက် ၃ နာရီနောက်ပိုင်းကျ အလေလိုက်မိသွားတာ။

စာအုပ်

မနေ့က ဆရာမက ‘နင် အရင်လို စာမဖတ်ဖြစ်တော့တာ သိသာတယ်’ လို့ ပြောတာနဲ့ ဒီနေ့ စာဖတ်ဖြစ်တာ။ အရှင်နန္ဒာစာရ ရဲ့ “အခြေခံ ဗုဒ္ဓစိတ်ကုထုံးများ” ဆိုတဲ့ စာအုပ်ပါးပါးလေး။ တခန်းချင်းဆီ သေချာဖတ်ရင်း စဥ်းစားရင်တော့ တွေးစရာတွေ အများကြီးပါတယ်။ ကလေးတွေကို စာသင်ရင်းနဲ့တောင် တနေ့ တခန်း (သို့) ၂ မျက်နှာလောက် စာဖတ်ဝိုင်း လုပ်ပေးရမလား တွေးမိသေးတယ်။ ပြီးတော့ သူတို့ကို အာနာပါန ရှုနည်း လဲ သင်ပေးချင်သေးတယ်။

စိတ်ရဲ့ အပြောင်းအလဲ မြန်မှုက ကြောက်စရာကောင်းလိုက်တယ်။ စက္ကန့်ပိုင်း အတွင်းမှာ ကိုယ် တွေးနေတာတွေ အမြောက်အမြား။ အဲဒါကို ထိန်းဖို့နေနေသာသာ ငါ့က အတွေးကောင်းတယ်လို့တောင် ဂုဏ်ယူခဲ့/မိတဲ့ အချိန်တွေ ရှိသေးတယ်။ စာအုပ်ထဲကနေ သဘောကျမိတဲ့ စာသားတစ်ကြောင်းက – “စိတ်ကျန်းမာခြင်း ဆိုတာ ဗုဒ္ဓရဲ့ အဓိပ္ပါယ်ဖွင့်ဆိုချက်အရ နိဗ္ဗာန် ဆိုတာပဲ” ။ နိဗ္ဗာန် ဆိုတာကြီးက ဘယ်အရပ်ဒေသမှန်း လျှောက်မှန်းနေမှာထက်စာရင် အခု စာကြောင်းရဲ့ အဓိပ္ပါယ် က ပိုမှန်ကန်တယ်လို့ လက်ခံမိတယ်။ အရမ်းအဝေးကြီးတွေ ဘာလို့ စဥ်းစားနေမှာလဲ။

ဘဝတွေကို သံယောဇဥ်တွယ်မိတဲ့ အကြောင်းနဲ့ ပတ်သတ်ပြီး အရင်ကဆို သေလိုက်၊ရှင်လိုက် ကိုမှ ဘဝလို့ခေါ်တယ်။ တကယ်တမ်းတော့ ကိုယ့်အသက်အပိုင်းအခြားမှာတင် ဘဝမျိုးစုံ ကြုံတွေ့နေရပြီးပြီပဲ။ ကလေးဘဝကို ပြန်လွမ်းတာတွေ ၊ ကျောင်းသားဘဝကို နာကျည်းတာတွေ – စသဖြင့် ဒါတွေအားလုံးက ဘဝတွေအပေါ် တွယ်ငြိခြင်း (ဘဝတဏှာ) မဟုတ်ဘူးလား။ ဘာလို့ ရှေ့ဘဝ ၊ နောက်ဘဝ ၊ မသေခင် ဖြစ်တဲ့ဘဝ ၊ သေပြီး ဖြစ်တဲ့ဘဝ တွေကို သွားစဥ်းစားနေမှာလဲ။ နောက်ပြီး ဗုဒ္ဓဘာသာ ဖြစ််ရခြင်းတွေမှာ ဗုဒ္ဓ ရဲ့ ဟောကြားချက်တွေကို မှန်မှန်ကန်ကန် အဓိပ္ပါယ် ဖွင့်ဆိုတတ်ဖို့ နဲ့ နှိုင်းယှဥ်စဥ်းစားတတ်ဖို့တွေ လိုမယ် ထင်တယ်။

ဒီနေ့ ကိုယ် ရေးတဲ့စာက နောက်နေ့ အခြားလူတစ်ယောက်ဖတ်ရင် အဓိပ္ပါယ်ပြောင်းနိုင်တယ်။ English လို ရေးတဲ့ စာကို မြန်မာလို ဘာသာပြန်ရင်းလဲ အဓိပ္ပါယ် ပြောင်းနိုင်တယ်။ အဲဒီတော့ လွန်ခဲ့သော နှစ်ပေါင်းထောင်ချီက ဗုဒ္ဓစကားကို ဆင့်ကဲ ဆင့်ကဲ အဓိပ္ပါယ်ပြောင်းလာနိုင်တာကို အကုန် မျက်စိမှိတ် ယုံကြည်နေလို့ မရဘူး။ ကိုယ်တွေ့နဲ့ ယှဥ်ပြီး စဥ်းစားယုံကြည်မှ မှန်ကန်မယ်လို့ ထင်တယ်။

နိုင်ငံရေး

မြဝတီ၊ ရခိုင် ၊ ကချင် စစ်ပွဲတွေ အပြိုင်အဆိုင် ဖြစ်နေတယ်။ အညာမှာတောင် လက်ဖက်ရည်ဆိုင်ထိုင်နေတဲ့ စစ်သားကို ဝင်ပစ်သွားတဲ့ video ကြည့်လိုက်ရသေးတယ်။ လူတွေ သေကြေနေတဲ့ ဓါတ်ပုံတွေကို မမြင်ချင်မှ အဆုံး မြင်နေရတယ်။ တချို့ဓါတ်ပုံတွေကို မခံချင်စိတ်နဲ့ မြင်ရတယ်။ တချို့ဓါတ်ပုံတွေကို အရသာရှိရှိ ပြန်ကြည့်မိတာတွေလဲ ရှိတယ်။ နာကျည်းခြင်းတွေ ၊ အမုန်းတရားတွေ ၊ ထွက်ပေါက်မဲ့နေတဲ့ စိတ်က ပိုပြီး ထင်ရာစိုင်း ၊ ထိန်းမနိုင် သိမ်းမနိုင် ဖြစ်နေတာပါပဲ။ ဒီအချိန် ဗုဒ္ဓ စိတ်ပညာကို ပိုချဥ်းကပ်မှ စိတ်သက်သာရာ ရလိမ့်မယ်။ မဟုတ်ရင် ခေါင်းကြီး အုံခဲပြီး တနေ့တနေ့ နေရတာ အဆင်မပြေလှဘူး။

နည်းပညာ

dbt-core အကြောင်း စမ်းဖြစ်တယ်။ အမှန်က Airflow နဲ့ တွဲစမ်းနိုင်ရမှာ။ အချိန်တွေကို စနစ်တကျ သုံးနိုင်ဖို့ လိုတယ်ဝေ့။