in Fuck the Coup!, Monograph

မလွတ်မြောက်ခြင်း မှတ်တမ်း (အောက်တိုဘာ ၁၀၊၂၀၂၃)

အလုပ်တစ်ခု ရှိတော့ မနက်စောစောထပြီး အလုပ်လုပ်ဖြစ်တယ်။ Youtube မှာ သီချင်းဖွင့်ထားရာကနေ အစ္စရေး-ပါလက်စတိုင်း စစ်ပွဲသတင်းတွေ တက်လာလို့ နားထောင်ဖြစ်သွားတာ။ စစ်ပွဲတွေရဲ့ အစ-အဆုံးက ဘာလဲ။ စစ်ပွဲတွေမှာ တရားသောစစ် ဆိုတာ ရှိသလား။ သေဆုံးသွားကြသူတွေ (စစ်သားတွေပဲ ဖြစ်ဖြစ် ၊ အရပ်သားတွေပဲ ဖြစ်ဖြစ်) – တရားသော နည်းဖြင့် သေဆုံးခြင်း မှ မဟုတ်တာ။

ဒီ အပေါ်စာတပိုဒ် မဆုံးခင်မှာပဲ ဒီ မနက် သတင်းတွေတက်လာတာက လိုင်ဇာ မှာ ဗမာစစ်တပ်ရဲ့ လက်နက်ကြီးကြောင့် စစ်ဘေးရှောင်စခန်းက အရပ်သားတွေ အစုလိုက် သေတဲ့ သတင်း ကြားလိုက်ရပြန်တယ်။ လိုင်ဇာ နဲ့ Gaza ဘာများ ကွာတော့လို့လဲ။

ပါလက်စတိုင်း – Hamus တွေဘက်က စစ်သွေးကြွပီး အစ္စရေးကို မနေ့တနေ့က ဝင်တိုက်တဲ့ သတင်းပဲ လူတိုင်း ပြောကြတယ်။ ဒါပေမယ့် နှစ်ပေါင်း ၇၅ နှစ်ကျော်လောက် က စဖြစ်တဲ့ အကြောင်းတရားကိုတော့ ဘယ်သူမှ မပြောကြတော့ဘူး ။ နားလည်ရသလောက်တော့ အနောက်နိုင်ငံတွေက ပါလက်စတိုင်းတွေ သပ်သပ် တနိုင်ငံ (သို့) တနေရာ ၊ အစ္စရေး (ဂျူး)တွေအတွက် တနိုင်ငံ (သို့) တနေရာ သတ်မှတ်ဖို့ ကြိုးစားတာကနေ စတယ် လို့ ထင်တယ်။ ဒုတိယကမ္ဘာစစ် အပြီးမှာ အစ္စရေးက နိုင်ငံ ကြေညာပြီး အာရပ်-အစ္စရေး စစ်ပွဲ ဖြစ်လိုက်သေးတယ်။ သမိုင်းကြောင်းကို ဒီ Washington Post က ရှင်းပြထားတာ ဖတ်ကြည့်သင့်တယ်။ တောင်ကိုရီးယား – မြောက်ကိုရီးယား ၊ ဗီယက်နမ် တောင်-မြောက် ၊ အိန္ဒိယ – ပါကစ္စတန် ၊ ဘာကျန်ဦးမလဲ။ သွေးခွဲခဲ့မှုတွေကို ပြန်ကြည့်ရင် တော်တော်များများ အောင်မြင်တာ တွေ့ရတယ်။ ဗီယက်နမ် ပြန်ပေါင်းနိုင်သွားတာတောင် စစ်နိုင်လို့ ဖြစ်မယ်။ သွေးခွဲမှုတွေ အားလုံးနီးပါးက ဘာသာရေး ၊ လူမျိုးရေးအပေါ် အခြေခံထားတာကြီးပဲ။

မြန်မာနိုင်ငံလဲ တိုင်းရင်းသား – ဗမာ ကြား အဲဒီလိုသာ ဖြစ်ခဲ့ရင် ကြားလူ (အာဏာရှင် ဖြစ်ဖြစ် ၊ တရုတ် ဖြစ်ဖြစ် ၊ အင်အားကြီး လက်နက်ကိုင်တဖွဲ့ ဖြစ်ဖြစ်) အေးအေးဆေးဆေး ချယ်လှယ် အုပ်ချုပ်ရုံပဲ။ သွေးခွဲဖို့အတွက်လဲ လုံလောက်တာထက် ပိုတဲ့ နာကျည်းမှုတွေ ရှိနေပြီလေ။ ဗမာတွေဘက်ကလဲ တောင်းပန်တာထက် ပိုတဲ့ အကြွေးပြန်ဆပ်မှုတွေ လုပ်ပေးရလိမ့်မယ်။ ဒါမှလဲ တိုင်းရင်းသားတွေ စိတ်ထဲမှာ ‘ဗမာ’ လို ကြားရင် ရွံမုန်းဖြစ်တဲ့ အခြေအနေက ပြောင်းလဲလာမှာ ။ ဆယ်စုနှစ်ချီ အချိန်ယူလိမ့်မယ် ထင်တယ်။ ကိုယ်တွေက ငြိမ်းချမ်းရေးနဲ့ တိုင်ပတ်နေချိန် အခြားနိုင်ငံတွေက တိုးတက်ရေးအတွက် အားစိုက်နေကြပြီ။ ငြိမ်းချမ်းရေး ကာလတွေအတွင်းမှာ ကိုယ့်နိုင်ငံသားတွေကတော့ တိုင်းတပါးမှာ ကျွန်လုပ်ကြရဦးမှာပဲ။

လူတစ်ဦးချင်းဆီရဲ့ ငြိမ်းချမ်းရေးကရော ။ ဗုဒ္ဓ စိတ်ပညာ စာအုပ် ပြန်ဖတ်ဖြစ်တယ်။ ခနခန ဖတ်ရမယ်။ ဖတ်ညွှန်းတောင် ရေးချင်သေးတယ်။ ကိုယ့်တနေ့တာတွေ အချည်းနှီး မဖြစ်ဖို့ ကြိုးစားရဦးမှာပဲ။

ပညာရှင် (Professional) ဆိုတာ ပညာရပ် တစ်ခုကို တစိုက်မတ်မတ် ၊ အပတ်တကုပ် ကြိုးစားပြီးမှ ဖြစ်မှာ ။ အခုဟာက ကိုယ့်ဘာသာ ပြန်ကြည့်ရင် Procrastination ပျင်းရိခြင်းက ကြောက်စရာကောင်းလောက်အောင် လွှမ်းမိုးနေတယ်။ ပြောင်းလဲရမယ် ဆိုတဲ့ စိတ်ကြောင့်သာ လူက ပြောင်းလဲနေပေမယ့် အမှန်တကယ်က တကယ်သာ အာရုံစိုက်ရင် အများကြီး အလုပ်လုပ်နိုင်တယ်။ ကိုယ့်ဘာသာ ပြန်ဆုံးမနေရတာလဲ ပင်ပန်းလှပါပြီ ။