စင်္ကာပူ စံတော်ချိန် မနက် ၂ နာရီခွဲနေပြီ။ အိပ်မပျော်ဘူး။ ကလေးဘဝက တတ်ခဲ့တဲ့ ဘုန်းတော်ကြီးသင်ကျောင်းက ဓါတ်ပုံတွေ ၊ video တွေ ပြန်ကြည့်နေမိတာ။ ဒီနေ့ ကိုယ် ရယ်လို့ ဖြစ်လာတာတွေက အဲဒီငယ်ဘဝ ဖြတ်သန်းမှုတွေကြောင့်မလား။ ဒါပေမယ့် အဲဒါက ကျေးဇူးတရားလား။ အကယ်ရွေ့ ကျေးဇူးတရားဆိုရင်ရော ပြောတိုင်းလက်ခံရတဲ့ပုံသွင်းမှုမျိုးကို ကျေးဇူးတင်သင့်လား။
ဘုန်းကြီးကျောင်းသားဘဝ ကို ပြန်စဥ်းစားမိရင် ပထမဆုံး ဝင်ခွင့်စာမေးပွဲဖြေဖို့ မြို့ကို စရောက်တဲ့အချိန်ကို သတိရတယ်။ ဘုန်းကြီးကျောင်းထဲမှာပဲ ဝင်ခွင့်စာမေးပွဲအတွက် ညဖက် စာကြည့်ဝိုင်းတက်တာ မှတ်မိသေးတယ်။ ကိုယ့်မြို့ကနေ အတူလာကြတဲ့ အစ်မ နှစ်ယောက်က အမျိုးသမီးဆောင်မှာ နေတာ မှတ်မိတယ်။ ညဖက် ၉ နာရီ ၊ ၁၀ နာရီလောက် မျက်နှာသစ်ချိန် ဆင်းကြတာကို အဲဒီတုန်းက စတွေ့ပြီး အထူးအဆန်းဖြစ်တာ။
အမှတ်တရတွေ မေ့ပျောက်သွားမှာ ကြောက်တဲ့စိတ်က အသက်ကြီးလာလေ ပိုဆိုးလေပါပဲ။ အဲဒါကြောင့်လဲ ညသန်းခေါင်ကြီး စာကောက်ရေးနေတာ။ အိမ်မှာတော့ ဓါတ်ပုံတွေ ၊ (ဒိုင်ယာရီ)စာအုပ်အဟောင်းလေးတွေ ကျန်ကောင်းပါသေးရဲ့။ ဒါပေမယ့်လဲ ဘယ်အချိန်မှ အိမ်ပြန်ခွင့်ရမှာတဲ့လဲ။
ဝင်ခွင့်စာမေးပွဲကို လှေကားအောက်နားလေးက ခုံမှာ ထိုင်ဖြေခဲ့ရသလို မှတ်မိတယ်။ အောင်စာရင်း ဘယ်လိုထွက်တယ် ဘာညာ မမှတ်မိတော့ဘူး။ သံတ္တာ အစိမ်းလေးကို မှတ်မိတယ်။ ဘုန်းကြီးကျောင်းဆောင် အောက်မှာ နေရာဦးကြရတာ။ အဝတ်တွေ အလျှော်ပျင်းလို့ ခေါင်းလျှော်ရည်တွေနဲ့ စိမ်ပြီး ရက်ပေါင်းများစွာ ထားတာကိုလဲ မှတ်မိတယ်။ ကျောင်းထဲမှာ ရောင်းတဲ့ (၁၀ တန်းနှစ်ကျမှ ထင်တယ် ၊ အသစ်ဖွင့်တဲ့) အဘွားဆိုင်က အသုပ်ရယ် ၊ မရွှေမိလား မသိဘူး (၉ တန်းနှစ်မှာ ပိုစားဖြစ်တဲ့) အသုပ်ရယ်ကို သတိရတယ်။ မျက်လုံးမှိတ်လိုက်ရင် ကျောင်းဝင်းထဲမှာ ဘယ်နားဘာရှိတယ် ဆိုတာတွေ အခုထိ မြင်တုန်း။ ကိုယ် လမ်းဖြတ်လျှောက်ခဲ့တဲ့ လမ်းကျဥ်းလေး ၊ ကိုယ်တွေနှစ်မှာမှ စတည်တဲ့ ရေသန့်စက်။ စာကျက်ဖို့ နေရာရှာရတဲ့ သိမ်အနောက်ဖက် (မိုးရေစိုစိုနဲ့) နေရာလေးတွေ။ ရေချိုးတဲ့ နေရာ ၊ အဝတ်လှမ်းတဲ့ နေရာ။ စာကြည့်တိုက်တွေကို ချစ်တဲ့ စိတ်ဖြစ်စေခဲ့တဲ့ နေရာ။ အင်တာနက် ခန်း။ သတင်းစာဖတ်အခန်း ။ အပေါ်ထပ် english section ။ Gtalks , IRC chat ၊ အင်တာနက်ဆိုတာကို စသုံးဖူးတဲ့ နေရာ။ မျက်နှာချင်းဆိုင်က အခပေး ဖုန်းပြောရတဲ့ (ပြန်ဆက် လား ၊ စာပို့တိုက် လား မသိဘူး) ဖုန်းဆက်ရတဲ့ နေရာ။
အချိန်တွေ ကုန်သွားတာ မြန်လိုက်တာ။ အခုဆို ၁၀ နှစ်ကျော်တောင် ရှိသွားပြီပဲ။ ထ-၁ ကနေ ကျောင်းခိုးလစ်လာပြီး ဘုန်းကြီးကျောင်းမှာ စာအုပ်ခိုးခိုးဖတ်ခဲ့တာ။ ဖျားချင်ယောင်ဆောင်ရင်း ဖျားခဲ့တာ။ pilot စာမေးပွဲ။ တက်လိုက် ကျလိုက်နဲ့ role တွေ ။ role 1-5 လုံးဝ မဝင်ဖူးဘူး။ အဲဒီတုန်းကတော့ အဆင့် ဆိုတာ ဘုရားသခင်လိုပဲ။ အဆင့်တိုင်း ထိုင်ရတဲ့ ခုံနေရာတွေ။ ဟိုပြောင်း ဒီပြောင်း စားခဲ့ရတဲ့ ထမင်းဆိုင်တွေ ။ အန်တီချို ထင်တယ်။ ပထမဆုံး အမဲကြော်စားဖူးတဲ့ ဆိုင် (မနက်စာ သွားသွားစားရတာ) ။ ပီးတော့ ဂိုက်ဆရာအိမ် ။ ဘယ်နေရာတွေ ဘယ်လိုစားခဲ့သလဲတောင် မမှတ်မိတော့ဘူး။ နောက်ဆုံး စားတာက အမေ နဲ့ ၁၀ တန်းဖြေခါနီး စားခဲ့တဲ့ (ထမင်းဝိုင်းကြီးနဲ့ ထိုင်စားရတဲ့) အဘွားဆိုင်။
အမှတ်တရတွေက လွမ်းစရာကောင်းပေမယ့် အယူဝါဒတွေကတော့ လွမ်းစရာမကောင်းခဲ့ဘူး။ အစ္စလာမ် မုန်းတီးရေးတွေ ၊ အမျိုးဘာသာသာသနာတွေ ၊ (ဝယ်ရတဲ့) စာအုပ်တွေ ၊ ဟောပြောပွဲတွေ ကြားကနေ ဘယ်လို လွတ်မြောက်လာခဲ့သလဲ ဆိုတာ အံ့တောင်သြမိတယ်။ အဓိကကတော့ ဘုန်းကြီးကျောင်းရဲ့ စာကြည့်တိုက်ကို ကျေးဇူးတင်ရမှာပါပဲ။ စာဖတ်ဝိုင်းတွေကိုရောပေါ့။ တက္ကသိုလ်ရောက်တော့ ဘုန်းကြီးကျောင်းမှာ လုပ်ခဲ့သမျှ ကိုယ့်တက္ကသိုလ်မှာ အကုန်ပြန်လုပ်ချင်ခဲ့တာ။ ခေတ်၊စနစ် နေရာမှားခဲ့တော့ အခု ပြန်တွေးရင် ရှက်စရာလိုမျိုး ဖြစ်ရော။
ကမ္ဘာ့ဖလား ကြည့်ခဲ့ရတာ သတိရတယ်။ သီတင်းကျွတ် အိမ်တွေ ပြန်ကုန်ကြလို့ လူနည်းနည်းနဲ့ပဲ ကျောင်းထဲမှာ ဆက်နေခဲ့တာ သတိရတယ်။ အဖေတို့ လာလည်တုန်း ပေးထားတဲ့ ပိုက်ဆံတွေကို သူခိုးခိုးဖို့ ကြိုးစားတာရောပဲ။ အဖေ ပေးတဲ့ ချောကလက်ကို သူငယ်ချင်းတွေကို ကြွားပီး ကျွေးခဲ့တာတွေလဲ သတိရတယ်။ သူငယ်ချင်းတော့ အတော်နည်းခဲ့သလိုပဲ။ ဘဝတလျှောက်လုံး လူတိုင်းနဲ့ အဆင်ပြေအောင် မနေတတ်ခဲ့ဘူး။ ငယ်တုန်းကတော့ အတ္တတွေ အရမ်းကြီးခဲ့တာလဲ သတိထားမိတယ်။
You must be logged in to post a comment.