in Fuck the Coup!, Monograph

မလွတ်မြောက်ခြင်း မှတ်တမ်း (ဖေဖော်ဝါရီ ၆၊၂၀၂၃)

အိပ်မပျော်ည

ညဘက်တွေ အိပ်မပျော်ပြန်ဘူး။ အကျိုးရှိတဲ့ အလုပ်တွေ လုပ်နေတာလဲ မဟုတ်ပြန်ဘူး။ စဥ်းစားမယ်ဆိုရင်တော့ အရာရာ စိတ်ပူပင် သောကရောက်စရာတွေချည်းပဲပေါ့။ ငယ်ငယ်တုန်းက ကိုယ့်ကိုယ်ကို အခုထိ ပြန်မြင်နေရတုန်းလား။ ပြာယာခတ်ပီး priority မစဥ်တတ်တဲ့ ပြဿနာ။ အလုပ်တွေ ၊ ကျောင်းကိစ္စ ၊ အခြားပြင်ပအလုပ်တွေ၊ ကိုယ်ရေးကိုယ်တာကိစ္စတွေ ။ တစ်နေ့ တစ်နေ့က ဘယ်လို ကုန်သွားသလဲကို မသိလိုက်ဘူး။ ညအိပ်မပျော်တာတွေကလဲ နေ့လည်ဘက် အာရုံစိုက်မှုကို ရော့စေပြန်တယ်။

ဘယ်လို ပြန်တည်ဆောက်ရမလဲ။ အရေးကြီးဆုံးက ဘာလဲ။ full-time အလုပ်ဖြစ်မယ်။ ပီးရင် ကျောင်းကိစ္စ ဖြစ်မယ်။ ပီးမှ ပြင်ပအလုပ် ဖြစ်မယ်။

နိုင်ငံရေး

ဘာမှ ပိုကောင်းမလာပေမယ့် ဒီရက်ပိုင်း ရဟတ်ယာဥ်ပစ်ချတဲ့ သတင်းလို သတင်းကောင်းတွေ ကြားရတယ်။ Myanmar Now ဂျာနယ်လစ် ရဲ့ အညာသွား ကိုယ်တွေ့မှတ်တမ်းတွေ စောင့်ဖတ်ချင်စရာပဲ။ ရှုရှိုက်နေရတဲ့ လေကိုက ပင်ပန်းစရာကောင်းလိုက်တာ။ ဘယ်တော့များမှ ဘယ်လို ပုံစံမျိုးနဲ့မှ လွတ်မြောက်နိုင်မှာလဲ။ ဗုဒ္ဓတရားအရတော့ သံသရာကနေ လွတ်မြောက်ဖို့ အဓိက ဆိုပေမယ့် ငရဲပြည်ကနေရော အရင် လွတ်မြောက်အောင် မလုပ်သင့်ဘူးလား။ စစ်အုပ်ချုပ်ရေးနယ်မြေတွေ တိုးတယ်။ မီးလောင်ပြာကျပီးသား ဒေသတွေကိုပါပဲ။

ဝင်လေ ထွက်လေ ကို ပြင်းပြင်းရှုမိတယ်။ အိပ်သင့်နေပီ။ အနည်းဆုံးတော့ ဒီညမှာ hand-over တစ်ခု လုပ်ပီးသွားတာပဲ။ အလုပ်အကုန်မပီးပေမယ့် အပိုင်းအစတစ်ခုတော့ ပီးသွားပီလို့ မှတ်လို့ရပါတယ်။