in Fuck the Coup!, Monograph

မလွတ်မြောက်ခြင်း မှတ်တမ်း (မတ်လ ၂၁ ၊ ၂၀၂၄)

နိုင်ငံရေး

မအလ ရဲ့ စစ်မှုထမ်း ဥပဒေကြောင့် တနိုင်ငံလုံး စိတ်ဆင်းရဲ ကိုယ်ဆင်းရဲ ဖြစ်ရဆုံးအချိန်ကာလပဲ။ ဘယ်သူနဲ့ တွေ့တွေ့ ဒီအကြောင်းပဲ ပြောကြတယ်။ မိဘတိုင်းကလဲ အိမ်ရောင်း၊ကားရောင်းပြီး သားသမီးကို နိုင်ငံခြားပို့ဖို့ ကြိုးစားနေကြတယ်။ နယ်တွေမှာတော့ မဲနှိုက် ရွေးချယ်တာတွေ ကြားနေရပြီ။ ရန်ကုန်၊မန္တလေးလို မြို့ကြီးတွေမှာလဲ အိမ်တိုင်ရာရောက် စာပို့တာတွေ ရှိလာပြီ။

ကချင်ဘက်က ထိုးစစ်တွေ အခြေအနေကောင်းတဲ့ပုံပဲ။ ရခိုင်ဘက်မှာလဲ မြို့နယ် ၈ မြို့နယ်လောက်အထိ AA က ထိန်းချုပ်ထားပြီးပြီ။ ရှမ်းမြောက်ဘက်ကတော့ ဗမာစစ်တပ် မရှိသလောက် ဖြစ်သွားတဲ့ ပုံ။ ဒီတော့ ရွေးချယ်စရာမရှိတဲ့အခါမှာ ဗမာစစ်တပ်က ပြည်မအတွင်းဘက်ခြမ်းကို ပိုင်ပိုင်နိုင်နိုင် ခံစစ် လုပ်ချင်ပုံပေါ်တယ်။ ဒါတောင် ရွာတွေ မီးရှို့ခဲ့တဲ့ အကျိုးဆက်ကြောင့် တကယ်တမ်း ထိန်းနိုင်မယ် မထင်ပါဘူး။ ဒါပေမယ့် စစ်မှုထမ်းဥပဒေကြောင့် စတေးခံရမယ့် လူဦးရေ ပိုများသွားမှာတော့ သေချာတယ်။ (ရခိုင်မှာ မကြာသေးခင်ကမှ ဆွဲသွင်းထားတဲ့ မွတ်စလင်ရိုဟင်ဂျာတွေကို စစ်တိုက်ခိုင်းတာကြောင့် သေနေကြတဲ့ ပုံတွေ တွေ့ရတယ်။)

တော်လှန်ရေးဘက်က စိတ်မကောင်းစရာကတော့ Non-CDM တွေကို နှင်ထုတ်တဲ့ ကိစ္စ နဲ့ ထောင်ချတဲ့ ကိစ္စတွေ ကြားလာရတာပဲ။ ဒါ မဖြစ်သင့်တဲ့ ကိစ္စလို့ မြင်တယ်။ (အမြင်သာဆုံး ဥပမာ ပြောရရင် NLD ခေတ်မှာ ဗမာတွေ အုံလိုက်ကျင်းလိုက် AA ကို တိုက်ခိုက်ခဲ့ကြပေမယ့် AA ဘက်က သူတို့အသာရချိန်မှာ သာမန်ပြည်သူ ဗမာ (အစိုးရဝန်ထမ်း) တွေကို နှင်ထုတ်၊ထောင်ချတဲ့ သတင်း ကြားဖူးလို့လား)။ နောက်ပြီး မော်လူးဘက်မှာလဲ သစ်ခိုးထုတ်တာကို ပကဖ က ခွင့်ပြုလို့ ပြည်သူတွေ က တားတဲ့ သတင်းလဲ ထွက်လာတယ်။ နောက်ပြီး ဆားလင်းကြီးဘက်မှာ စက်ရုံကနေ ပစ္စည်းယူတာနဲ့ ပတ်သတ်ပြီး ပကဖ နဲ့ ပြည်သူနဲ့ ပြဿနာတက်တဲ့ သတင်းလဲ ထွက်လာတယ်။ တကယ်တို့ ပကဖ၊ပအဖ တွေက ပြည်သူတွေကိုယ်တိုင် (သို့) ဆန္ဒပြဦးဆောင်သူတွေအနေနဲ့ အလျင်စလို စိတ်လိုက်မာန်ပါ လုပ်ဆောင်ခဲ့မှု ရဲ့ အကျိုးဆက်ကနေ စတယ်လို့လဲ ပြောလို့ရတယ်။ (ဘာလို့လဲဆိုတော့ အာဏာသိမ်းသိမ်းချင်း လောက်မှာ ကိုယ့်မြို့ကို ကိုယ် အုပ်ချုပ်မယ် ဆိုတဲ့ အယူအဆကနေ အပြိုင်အဆိုင် ပကဖ၊ပအဖ တွေကို ဖွဲ့ဖို့ လှုံ့ဆော်ကြ၊ လုပ်ဆောင်ခဲ့ကြတာတွေ ရှိတယ်။ အဲဒီတုန်းက ပြည်တွင်းအဖွဲ့တခုကတောင် ပကဖ ဖွဲ့စည်းပြီး မြို့နယ် များ ဘာညာနဲ့ ဒေတာ တစ်ခု ထုတ်လာတာတောင် အမှတ်ရတယ်။) ဒါက အနာဂါတ်ကို ဘယ်သူမှ ကြိုမမြင်နိုင်တော့ ဘယ်သူ ဘယ်ဝါအပြစ်ကြောင့်ပါလို့ ပြောရတာတော့ ခက်ပါတယ်။ ဖွဲ့ခဲ့တာ မမှားရင်တောင် အလျင်စလို အဆင်ပြေတဲ့လူ (အထူးသဖြင့် NLD အခြေခံပြီး) ခန့်ခဲ့တာတော့ သေချာပေါက် မှားတယ်လို့ ပြောလို့ ရတယ်။ (သိပ်မကြာသေးခင်ကပဲ စစ်ကိုင်းတိုင်းမှာ NLD လွှတ်တော်အမတ်(ဟောင်း) ဦးမြင့်ထွေးကနေ ရပ်ရွာအုပ်ချုပ်ရေးအဖွဲ့တစ်ခု ကို အင်အားသုံး ဝင်ဖမ်းတာမျိုး ကြားလိုက်ရသေးတယ်။) ကိုယ် ခန့်ထားတာကို ပြည်သူက မကြိုက်လို့ ဖယ်တယ် ဆိုရင် ပြည်သူမှာ ဖယ်ခွင့် ရှိတယ် ဆိုတဲ့ အဓိပ္ပါယ်ကို သူတို့ သဘောမပေါက်တဲ့ ပုံပဲ။ ပြီးရင်တော့ “ပြည်သူ သာ အဓိက” ဆိုပြီး အော်ကြီးဟစ်ကျယ် ပြောကြဦးမယ်။ ဒါမျိုး အခြေအနေတွေက အညာဒေသ တော်လှန်ရေးကို ကြာစေဖို့ အကြောင်းရင်းတွေ ဖြစ်လာမှာပဲ။ ဒါပေမယ့်လဲ တိုင်းရင်းသားအဖွဲ့တွေတောင် နှစ်ရှည်လများ တည်ဆောက်ခဲ့ရတာဆိုတော့ အခု ၃၊၄ နှစ်နဲ့တော့ ကြာတယ်လို့ မပြောနိုင်ပါဘူး။ မြေစာပင် ပြည်သူကတော့ ခံပေဦးတော့ပဲ။

ကိုယ်ရေးကိုယ်တာ

ဒီရက်ပိုင်း ရထားတဲ့ Job Offer တစ်ခုကို ငြင်းလိုက်တယ်။ ပထမဆုံး ငြင်းဖူးတဲ့ နိုင်ငံခြားအလုပ်ပဲ။ အယ်လယ့်။ ကိုယ့်ကိုယ်ကို တည်ငြိမ်ဖို့ အတော်တည်ဆောက်နေရတာ။ Gym သွားတာတောင် ဒီရက်ပိုင်း ပုံမှန် မဟုတ်တော့ဘူး။ လက်ရှိ အလုပ်မှာလဲ အာရုံစိုက်မှု နည်းလာတယ်။ Professional မဆန်တဲ့အထိ ဖြစ်မသွားဖို့ ပြန်ထိန်းရမယ်။ နောင် ၅ နှစ်မှာ ကိုယ့်ကိုယ်ကို ဘယ်လို မြင်ချင်လဲ လို့ ပြန်မေးဖြစ်တယ်။ English စာ writing ပိုင်းကို ဖိလုပ်ဖို့ လိုမယ်။ ကိုယ်ပိုင် ပရောဂျက်တွေကိုလဲ သေသေချာချာ documentation လုပ်ဖို့ လိုတယ်။

စာအုပ်များ

ဆရာမောင်ထွန်းသူ ရဲ့ “ကျွန်တော့်ဘဝ နှစ်လောက” အတ္ထုပ္ပတ္တိစာအုပ် ဝယ်ဖတ်ဖြစ်တယ်။ နောက်ပြီး ဒီကာလထဲ ဗုဒ္ဓဝါဒ နဲ့ စိတ်ပညာဆက်စပ်မှု အကြောင်းတွေလဲ ပိုဖတ်ချင်နေတယ်။ English စာ ဖတ်ဖြစ်အောင်လဲ အလေ့အကျင့်တော့ လုပ်နေရတယ်။ တကယ်တော့ အလုပ်မှာ ဖတ်ရတဲ့ စာတွေကို အလုပ်သဘောနဲ့ မဖတ်ပဲ ကိုယ့်တိုးတက်ရေးအမြင်နဲ့ ဖတ်ရင်ကို အတော်ဟုတ်နေပါပြီ။

နိဂုံး

မနက်ဖြန် Training တစ်ခု ရှိတော့ စောစော အိပ်ရမယ်။ English Writing Homework လဲ မပြီးသေးဘူး။