in Fuck the Coup!, Monograph

မလွတ်မြောက်ခြင်း မှတ်တမ်း (အောက်တိုဘာ ၃၁ ၊ ၂၀၂၅)

ဒီတစ်ခေါက် မလွတ်မြောက်ခြင်းအကြောင်းက Social Media အတွက်ပဲ ဖြစ်လိမ့်မယ်။ ဒီရက်ပိုင်း ဖိလစ်ပိုင်နိုင်ငံ က နိုဘယ်ဆုရှင် အမျိုးသမီး သတင်းထောက် Maria Ressa ရဲ့ ကိုယ်တိုင်ရေး အတ္ထုပ္ပတ္တိစာအုပ်ကို ဖတ်နေဖြစ်တာ။ မှတ်မှတ်ရရက ဒီစာအုပ်ကို တောင်ပေါ်မြို့လေးတစ်ခုမှာ ဖတ်နေတုန်း ဘေးဝိုင်းမှာ ဖိလစ်ပိုင်စကားပြောသံတွေ ကြားနေရတာပဲ။ Rappler ရုံးကို တခေါက် ရောက်ဖူးပေမယ့် ဆုံခွင့်တော့ မရခဲ့သလို အဲဒီတုန်းကလဲ နိုဘယ်ဆုရှင် ဆိုတာလောက်ပဲ သိတာ။ Ressa အကြောင်း တိတိပပ မသိခဲ့ဘူး။ အခု သူ့စာအုပ် ဖတ်ရင်းနဲ့မှ ဖြတ်သန်းမှုတွေ၊ ဖိလစ်ပိုင်နိုင်ငံ ရဲ့ နိုင်ငံရေးအကြပ်အတည်းတွေ ၊ သတင်းမီဒီယာ (စစ်စစ်)တွေရဲ့ ရုန်းကန်ရမှုတွေ၊ Social Media နဲ့ နည်းပညာ trend ပေါ်မူတည်ပြီး သတင်းတင်ဆက်မှု ပုံစံ ပြောင်းလာတာ ၊ ကြီးမားတဲ့ ပြောင်းလဲမှုတွေ ပိုလုပ်လာနိုင်တာ ဆိုတာမျိုးတွေ နားလည်လာရတယ်။ အဲဒီထဲမှာမှ Social Media အကြောင်း ခေါင်းထဲ ပိုရောက်နေတယ်။

Facebook

ဒီတပုဒ် မတိုင်ခင် ရေးတဲ့ မလွတ်မြောက်ခြင်းမှတ်တမ်းမှာလဲ အခြား စာအုပ်တစ်အုပ်ကနေ ရတဲ့ အတွေးစတွေ အကြောင်း ၊ ကိုယ့် data တွေကို အသုံးခံနေရတဲ့အကြောင်းတွေ ရေးခဲ့ဖူးတယ်။ အဲဒါပြီးကတည်းကလဲ Facebook account deactivate လုပ်ထားဖြစ်တာပဲ။ ကိုယ်ကိုယ်တိုင်လဲ Data သမားတစ်ယောက် ဖြစ်နေတော့ ကိုယ့် ဒေတာတွေကို ကြည်ကြည်ဖြူဖြူ ဖြစ်ဖြစ် ၊ သိတောင်မသိလိုက်ပဲ ဖြစ်ဖြစ် ပေးနေရတဲ့ အခြေအနေတွေကနေ လွတ်မြောက်ချင်တာလဲ ပါတယ်။ ဒါပေမယ့် ဒီရက်ပိုင်းမှာမှ သူငယ်ချင်းတယောက်က မေးတယ် – ကျနော် ဖေ့ဘုတ် မသုံးပဲ သတင်းတွေ ဘာလို သိနေလဲ တဲ့ ။ အဲဒီ မေးခွန်းကနေ တဆင့် Facebook က မြန်မာလူထု အပေါ် ဘယ်လောက် လွှမ်းမိုးနိုင်သလဲ သိသာတယ်။ ဖိလစ်ပိုင်နိုင်ငံမှာ လူဦးရေရဲ့ 80% နီးပါးက Social Media Users တွေလို့ ပြောတယ်။ မြန်မာမှာလဲ အဲဒါထက် မများရင်တောင် နည်းမယ် မထင်ဘူး။ လက်ရှိအခြေအနေအရဆိုရင် Facebook ကို ဗမာစစ်တပ်ကနေ ban ထားပြီး VPN သုံးတတ်မှ Facebook သုံးလို့ ရတဲ့ အနေအထား ဖြစ်နေတယ်။ ဒါတောင် ပြည်တွင်းက လူတွေက မရရတဲ့ နည်းလမ်းတွေနဲ့ Facebook သုံးနေကြဆဲ။ ဒါ့အပြင် Facebook ထက် VPN ပြဿနာ နည်းတဲ့ Telegram , TikTok ဘက်တွေမှာပါ မြန်မာတွေ ရောက်ကုန်ကြတာပဲ။

ဖိလစ်ပိုင်နိုင်ငံက ဒူတာတေးလက်ထက်လောက်မှာ Election နိုင်ဖို့အတွက် Facebook Users (fake account တွေ ၊ Group တွေနဲ့) ဘယ်လို လုပ်ခဲ့တဲ့အကြောင်း ဖတ်ရတယ်။ အဲဒီပုံစံမျိုးက ဗမာစစ်တပ်ဘက်ကပဲ ဖြစ်ဖြစ် ၊ နွေဦးတော်လှန်ရေးဘက်ကပဲ ဖြစ်ဖြစ် အပြိုင်အဆိုင် လုပ်ခဲ့ကြတဲ့ ပုံစံပဲ။ ၂၀၂၁ – ၂၀၂၂ လောက်အထိက နွေဦးတော်လှန်ရေး ဘက်က ဖြန့်တဲ့ ဝါဒတွေ ပိုလွှမ်းမိုးတယ်။ နောက်ပြီး များသောအားဖြင့် Account အစစ်တွေ နဲ့ ရေးကြ ၊ပြောကြ ၊ ဝေဖန်ကြ ၊ Boycott လုပ်ကြ၊ Social Punishment လုပ်ကြ – စသဖြင့် ပိုများတယ်။ ဒါပေမယ့် ၂၀၂၃ နောက်ပိုင်းလောက်မှာ ဗမာစစ်တပ်ဘက်က Social Media ပေါ်မှာ ရေးတာ ပြောတာနဲ့တင် အရေးယူတာမျိုး လုပ်လာတော့ တော်လှန်ရေးဘက်က Account အစစ်တွေနဲ့ မပြောရဲကြတော့ဘူး။ ဒါ့အပြင် ဗမာစစ်တပ်ဘက်ကလဲ များသောအားဖြင့် Account အတုတွေနဲ့ ဝါဒဖြန့်တာတွေ ပိုလုပ်လာတယ်။ အဲဒီပေါ်မှာ မူတည်ပြီး အချို့လူတွေရဲ့ mode swing (ခံစားမှု ပြောင်းလဲလာတာမျိုး)လဲ တွေ့ရတယ်။ နောက်ပီး ကြားနေ ဝါဒလိုလို ၊ ငြိမ်းချမ်းရေးသမားလိုလို “မလုပ် ၊ မရှုပ် ၊ မပြုတ်” ဆိုတဲ့ သဘောတရားလဲ ပိုအားကောင်းလာတယ်။ ၂၀၂၁ တုန်းကဆို သတင်းတွေ ဖုန်းလိမ့်မယ် ၊ ကိုယ်ချင်းစာပါဦး ဘာညာ ဆိုတာတွေကနေ ၂၀၂၅ မှာကျ အပျော်အပါး သတင်းတွေ ၊ နိုင်ငံရေး မဟုတ်တဲ့ သတင်းတွေကိုပဲ ပြည်တွင်းက လူတွေက ပိုလုပ်လာတယ်။ ဒီအရာတွေအားလုံးက လွတ်လပ်စွာ ပြောဆိုမှုကို ပိတ်ပင်ရာကနေ ဖြစ်လာတာတွေရော ၊ လူတွေရဲ့ ကာလရှည် မွန်းကြပ်မှုတွေကြောင့်ရော စသဖြင့် အကြောင်းတရားမျိုးစုံ ဖြစ်နိုင်တယ်။

ဒီအခြေအနေမှာ Social Media Company ကြီးတွေရဲ့ တာဝန်ခံမှုက ဘာမှ လောက်လောက်လားလား ရှိမနေဘူး။ ကျနော်တို့ရဲ့ Social Media Data တွေက စီးပွားရှာစရာ အနေနဲ့ ဖြစ်နေခဲ့ရင် ကျနော်တို့ကို ကာကွယ်ပေးဖို့ ဒီ Company တွေမှာ အပြည့်အဝ တာဝန်ရှိတယ်။ အခုဟာက မြန်မာပြည်က Ads ကြော်ငြာဖိုးတွေပဲ သိမ်းကြုံးယူပြီး ဒီလူတွေအတွက် မျှတတဲ့ environment တခုကို ဖန်တီးမပေးဘူး။ ပေးဖို့ တာဝန်ရှိတယ်လို့လဲ ဒီစီးပွားရေးသမားတွေ ခံယူမယ် မထင်ဘူး။ Social Media ခေတ်ကနေ AI ခေတ် အပြောင်းအလဲကျရင် ဒီထက် ပိုဆိုးရွားတာတွေပဲ မြင်ဖို့ ရှိမယ်။