ဒီနေ့ ချစ်သူလေးရဲ့ မွေးနေ့ ။ မနက်စောစောစီးစီး စိတ်ကောက်နေသေးရဲ့ ။ ဒါပေမယ့် ကြိုတင်ပြင်ဆင်မှု ကောင်းတာကြောင့် မနက်စာ စားနေရင်း Birthday Cake surprise အစီအစဥ်လေး အဆင်ပြေပြေ ပြီးသွားတယ်။ တိုက်တိုက်ဆိုင်ဆိုင် မြန်မာ အဖွဲ့တစ်ဖွဲ့လဲ ရောက်နေတော့ သူတို့က Birthday Song လိုက်ဆိုပေးကြတယ်။ သူတို့ကို cake မကျွေးလိုက်ရတာတော့ စိတ်မကောင်းဘူး။ ဒါပေမယ့် မနက်စာစားရင်း ဆုံတဲ့ UK tourist စုံတွဲ ကိုတော့ ကျွေးဖြစ်လိုက်တယ်။
မနေ့ တညတာ
မနေ့ညနေပိုင်းက Mon Jam ဥယျာဥ်ကို ရောက်သွားခဲ့တယ်။ အစက လမ်းလျှောက်သွားဖို့ အားခဲထားတာ။ မလျှောက်ဖြစ်ခဲ့တာလဲ ကောင်းပါတယ်လေ။ ၁၂ မိနစ် လမ်းလျှောက်ခရီးက နဲနဲဝေးသလို တောင်တက် ၊ အဆင်းကလဲ တော်တော်မတ်တယ်။ အဲဒါနဲ့ Phu Morinn က Admin အစ်မ ကို မေးရင် အကူအညီတောင်းတော့ သူက Mon Jam ကို သွားဖို့ဆိုရင် ဟိုတယ်က အခမဲ့ လိုက်ပို့ပေးတယ် ပြောတော့ ပိုအဆင်ပြေသွားတယ်။ (ဘယ်လို အခက်အခဲဖြစ်ဖြစ် မြန်မာစကားနဲ့ ပြောလို့ ရနေတာက အတော် ကျေနပ်စရာကောင်းပါတယ်။ နောင်လဲ ထပ်လာဖြစ်ခဲ့ရင် ဒီမှာပဲ ဆက်တည်းဖြစ်မယ် ထင်တယ်။) မွေးနေ့ကိတ် တုန်းကလဲ အစ်မကို ကြို ဆက်သွယ်ပြီး ပြောပြထားတော့ သူပဲ အကုန် စီစဥ်ပေးတာ။
Mon Jam ရောက်တော့ ခရမ်းရောင်ပန်းခင်းကြီးတွေကတော့ အရမ်းလှတယ်။ ဒါပေမယ့် ရာသီချိန် မဟုတ်တော့ စတော်ဘယ်ရီစိုက်ခင်းလိုမျိုးတွေက ရိတ်သိမ်းစအနေအထားမျိုးဆိုတော့ ကွက်လပ်တွေ ဖြစ်နေတယ်။ ရှိသမျှ ပန်း အကုန်ပွင့်တဲ့ ရာသီအချိန်ခါမျိုးမှာဆိုရင်တော့ ပန်းတောကြီးထဲမှာ ရောက်နေသလိုမျိုး အတော်လှတဲ့ မြင်ကွင်း ဖြစ်လိမ့်မယ်။
သဘာဝတရားကို ငွေကြေးဖြင့် ဝယ်ယူရခြင်း
ဓါတ်ပုံ ရိုက်ဖို့ နေရာတွေ ပြင်ဆင်ပေးထားပြီး ဝင်ခွင့်အတွက် တစ်ယောက်ကို 40 bahts ယူတယ်။ မလှမ်းမကမ်း နောက်တစ်နေရာကိုလဲ အမှန်ဆိုရင် တံတားဆက်ပေးလိုက်ရင် ရပါလျက်နဲ့ တမင် ခြံစည်းရိုး ကာထားပြီး သီးခြား ဝင်ခွင့် ပိုက်ဆံ ထပ်ကောက်တယ်။ Tourism ရဲ့ သဘောတရား ၊ ဒေသခံတွေ အတွက် အကျိုးအမြတ် ကို နားလည်ပေမယ့် တဖြည်းဖြည်း နဲ့ ခေတ် ကို က သဘာဝတရားကို ခံစားဖို့ ငွေကြေးမှ ဝယ်ယူမှ ရတဲ့ အဖြစ်ကို ရောက်လာတာကို တွေးလိုက်မိလို့ပါ။
တစ်နှစ် တစ်ခါ ဒီလို နေရာမျိုး လာဖြစ်ဖို့ကို နှစ်ပေါက်အောင် အလုပ်လုပ်ပီး ပိုက်ဆံရှာရတာကိုး ။ အခု ဒီခရီး ပြီးသွားခဲ့ရင်လဲ မြို့ပြအရိပ်အောက်ကို ပြန်သွား ၊ မိုးမျှော်တိုက်ကြီးတွေ ကြားမှာ ၊ ရှုပ်ထွေးနေတဲ့ ဆိုင်ကယ်၊ကားတွေကြားမှာ၊ နီယွန်မီးရောင်တွေ လင်းတောက်နေတဲ့ စူပါမားကတ်ကြီးတွေကြားမှာ ဘဝ အဓိပ္ပါယ်ကို ရှာရပြန်ရဦးမယ်။
ပန်းခင်း နဲ့ ချစ်ခြင်း
ပူတူးလေးကို အခု ဘေးနားမှာ ထားပြီး ဒီ ပိုစ့်ကို ရေးနေတာ။ ဒါ ပထမဆုံးပဲ။ မိုးတွေလဲ ရွာနေတယ်။ အရှေ့မှာ တောင်တန်းကြီးနဲ့ ပန်းခင်းလေး ရှိတယ်။ ဒါမျိုး အချိန် နေ့ရက်တွေ အကြိမ်ပေါင်းများစွာ ထပ်ရချင်တယ်။ ဆရာဦးမင်းဇင် ပြောတဲ့ Joint Project ဆိုတာမျိုးတွေ အကြိမ်ပေါင်းများစွာ အတူတူ ထပ်လုပ်ခွင့် ရချင်တယ်။ နားလည်မှုတရားတွေ ၊ မွတ်သိပ်နေတဲ့ ချစ်မေတ္တာတွေနဲ့ ပြည့်နက်နေတဲ့ အချစ်ကမ္ဘာတစ်ခု ၊ ဘဝတစ်ခုကို အတူတူ တည်ဆောက်ချင်တယ်။ ပင်ပန်းမှုတွေ၊ အခက်အခဲတွေ၊ မောပန်းမှုကို ကျော်လွန်ပြီး လှလွန်းတဲ့ အိပ်မက်တစ်ခုဆီကို အတူ ရောက်အောင် သွားချင်တယ်။ ဒီလိုပဲ အားအင်အသစ်တွေ မွေးပြီး မြို့ပြဘဝ ကို ရင်ဆိုင်ရဦးမှာပဲ။ လူဆိုတဲ့ အမျိုးဆိုတာကလဲ မျှော်လင့်ချက် ရှိမှ ရှင်သန်ခြင်းက အဓိပ္ပါယ် ရှိတာကိုး။
ပူတူး ကို ချစ်လား ဆိုတဲ့ မေးခွန်းကို ဖြေဖို့ ဒီစာ ရေးနေတာ ခန ရပ်လိုက်ဦးမယ်
ကိုကို့ ရဲ့ blog ကို အမြဲတမ်းအားပေးနေတဲ့ တစ်ဦးတည်းသော ပရိတ်သတ်လေး ပူတူးက ကိုကို့ရဲ့ macbook ကိုပဲယူသုံးပြီး ဒီ comment လေးကို ရေးနေခဲ့ပါတယ် ။
Chiang Mei, Mon Jam ခရီးစဥ်တစ်လျှောက်မှာ ကိုကိုက ပူတူးလေးကို အစစအရာရာလိုလေသေးမရှိအောင် စီစဥ် ဖြည့်ဆည်းပေးတယ် ။ အဲ့ဒီ အတွက် ကိုကို့ကို ကျေးဇူးတင်ပါတယ် ။
ပူတူးကို ချစ်လားလို့ ခဏခဏ မေးနေပေမယ့် .. အဲ့ဒီ မေးခွန်းကိုမေးနေစရာမလိုအောင်ကို ကိုကို့အချစ်တွေက ပူတူးလေးအတွက် ပြည့်စုံ နွေးထွေးစေခဲ့ပါတယ် ။
တကယ်တော့လေ .. လူတစ်ယောက်စီက မျှော်လင့်ရတယ်ဆိုတာ ကိုယ့်စိတ်ကို ညှင်းဆဲ ပင်ပမ်းစေတဲ့ အရာတစ်ခုပါပဲ ။ စာအုပ်တစ်အုပ်ထဲမှာ ဖတ်ဖူးတယ် ။ လူနှစ်ယောက်က တစ်ယောက်အတွက်တစ်ယောက် ရယူလိုစိတ်မရှိတဲ့ ပေးဆပ်ခြင်းနဲ့ ချစ်နေရင် ပိုပြီးခိုင်မြဲတယ်တဲ့ .. အရေးကြီးတာကတော့ နှစ်ယောက်စလုံးက အဲ့ဒီအချစ် နဲ့ ချစ်ရမယ်ပေါ့နော် (မဟုတ်ရင် အမြဲပေးဆပ်နေရတဲ့ တစ်ယောက်အတွက် သနားလို့ .. 😀 ) ။ ဒီမနက်လည်း မမပူတူး (ကိုကို အမြဲခေါ်တဲ့ nickname) တစ်ယောက် ညက ၁၂ နာရီအတိ birthday wish မလုပ်လို့ဆိုပြီး စိတ်ဆိုးပြီး (ရယူချင်စိတ်တွေများပြီး) မနက်စာကို စူပုတ်ပုတ်နဲ့ သွားစားလေရဲ့ .. ။
အဲ့မှာ စပါပြီ … ကိုကိုက သူ့ရဲ့အချစ်တွေနဲ့ မွေးနေ့ကိတ်လေးတစ်လုံး စီစဥ်ထားလေရဲ့ ။ မမ ပူတူးရဲ့ စူစူပုတ်ပုတ် မျက်နှာဘေးကနေ .. တောင်ပေါ်ဒေသရဲ့ အအေးဓါတ်နဲ့ သွားတွေအအေးပါတ်သည်အထိ ပြုံးဖြီးကျေနပ်သွားလေရဲ့ ။
ချစ်သူသက်တမ်း ၄ နှစ် ဝန်ကျင်မှာလေ .. ကိုကိုက အများကြီး ပူတူးအတွက် အများကြီး ပြောင်းလဲပေးခဲ့တာ ။ ပထမဆုံး ကိုကို့ကို appreciation လုပ်ချင်တာတစ်ခုက ကိုကိုက ပူတူး တန်ဖိုးထားတဲ့ အရာမှန်သမျှကို ထပ်တူလိုက်ပြီး တန်းဖိုးထားပေးတယ် ။ ဒုတိယ တစ်ခုက ကိုကို့ရဲ့ အရင်တုန်းကစိတ်နဲ့ ဒါတွေက မလိုအပ်ပါဖူးကွာ .. မလုပ်လည်းဖြစ်တာပဲဆိုတဲ့ စိတ်ကို ပူတူးအတွက် ပြောင်းလဲပေးခဲ့တယ် ။ တတ်နိုင်တဲ့ဘက်ကနေ ကြိုးစားအားထုတ်ပေးတယ် ။ တချို့သူတွေက ပြောကြလိမ့်မယ် ။ ဒီလောက်ကတော့ ရည်းစားတွေပဲ လုပ်ပေးရမှာပေါ့လို့ .. မဟုတ်ဖူး ။ ပူတူးအတွက် ကိုကို့ဘက်က အားထုတ်ပေးခဲ့တာတွေအားလုံးကို ပူတူးအနေနဲ့ အများကြီး အသိအမှတ်ပြုပြီး ကျေးဇူးတင်ပါတယ် ကိုကို ။ အများကြီးလည်း ချစ်ပါတယ် ။
အခုတော့ ဗိုက်ဆာပြီမို့ နေ့လည်စာစားဖို့ ပြင်ဆင်ရင်း .. ပူတူးကို ချစ်လား သွားမေးလိုက်ဦးမယ်နော် 😀 Haahah !!!