စတင်ခြင်း
ချင်းမိုင် ကနေ တစ်နာရီလောက် စီးရတဲ့ Mon Jam ဆိုတဲ့ နေရာ (ရွာလို့ပဲ ဆိုပါစို့) ရောက်နေတယ်။ နေ့လည် ၁၁ နာရီခွဲ လောက်ကနေ ကားစီးလာခဲ့လိုက်တာ နေ့လည် ၁ နာရီ မထိုးခင်လောက် ရောက်တယ်။ ကားဂိတ် မှာ မစောင့်ခင် အဲဒီနားက Big C Market ကနေ အစားအသောက် ၊ wine ၊ ဘီယာ ၂ ဘူး ဝယ်လာခဲ့လိုက်တယ်။ Eden Resort ဆိုတဲ့ cafe မှာ Van ကားက ရပ်ပေးတယ်။ အဲဒီမှာ Mocha တစ်ခွက် နဲ့ ထမင်း ၂ ပွဲ မှာစားရင်း တည်းမယ့် ဟိုတယ်ကနေ လာကြိုမယ့် ကားကို စောင့်ရတာ။ Taxi လွယ်လွယ်ကူကူ နဲ့ ငှားမရဘူး။ အစားအသောက် စျေးနှုန်းတွေကလည်း နည်းနည်းများတယ် လို့ပဲ ပြောရမယ်။ 50 Bahts အထက်တွေ ချည်းပါပဲ။ နေ့လည်စာ အတွက် 240 Bahts ကုန်သွားတယ်။
တည်းခို နေရာ
Phu Morinn ဆိုတဲ့ Cafe & Camping မှာ တည်းဖြစ်တယ်။ မလာခင် တည်းခိုဖို့ နေရာရှာရင်း မျိုးစုံ review တွေ ဖတ်ရာကနေ အဆိုတော် မိစန္ဒီရဲ့ travelling vlog ကို တွေ့တာ။ နောက်ပီး msg ပို့ပြီး စုံစမ်းတော့ ရုတ်တရက် မြန်မာဘာသာနဲ့ reply ပြန်တယ်။ Admin က မြန်မာလူမျိုး အစ်မတစ်ယောက်။ အဲဒါနဲ့ တော်တော်ပျော်သွားပြီး ဒီမှာပဲ နေဖို့ ဆုံးဖြတ်လိုက်တယ်။ ပုံတွေကြည့်ပြီး VIP Dome ကို ယူဖို့ ဆုံးဖြတ်လိုက်တယ်။ ရောက်ရောက်ချင်း မြင်လိုက်ရတဲ့ မြင်ကွင်းကတော့ အတော်ကို လှတယ်။
ပထမဆုံးည
ရောက်ကတည်းက မိုးတွေ ဆက်တိုက် ရွာနေလိုက်တာ ညနေ ၄ နာရီကျော်လောက်မှ မိုးစဲတယ်။ လမ်းခနလျှောက်ပြီး ညစာ ကို ဟိုတယ်ကနေပဲ မှာစားလိုက်တယ်။ အရသာတော်တော်ကောင်းတယ်။ စျေးကတော့ Eden Resort နဲ့ သိပ်မကွာဘူး။ လေတိုက်တာက တော်တော်ပြင်းတော့ မိုးကာတဲ Tent က ယိမ်းခါနေသလို ခံစားရတယ်။ စစချင်းမှာ မိုးကာစကို လေရိုက်တဲ့အသံ ဖြောင်းခနဲ ဖြောင်းခနဲ မြည်တာကို အသားသိပ်မကျဘူး။ နောက်ပြီး Aircon ပါပေမယ့် Heat mode က အလုပ်မလုပ်တာ ထင်တယ်။ အခန်းထဲမှာက aircon ဖွင့်ရင် တော်တော်အေးပြီး မဖွင့်ရင်ကျတော့လဲ မွန်းသလိုပဲ။ (မနက်စာ ထစားမှ Admin အစ်မက စောင်တွေ ထပ်လိုရင် တောင်းလို့ရတယ်လို့ ပြောပြတာ။ နောင် မိုး (သို့) ဆောင်းရာသီ ထပ်လာဖြစ်ခဲ့ရင်းတော့ စောင်အပို တောင်းမှ အဆင်ပြေမယ်။) ညပိုင်းကတော့ ကြည့်ပြီးသား ဇာတ်ကား တစ်ကားကို ပြန်ကြည့်ပြီး အစောကြီး (ည ၈ နာရီလောက်ကတည်းက) အိပ်ပျော်သွားတယ်။ အေးတာနဲ့ ၁ နာရီလောက်မှာ ပြန်နိုးလာပြီး အင်တာနက် လျှောက်သုံးနေလိုက်တာ။
ဒုတိယနေ့
ညက အေးတဲ့ ဒဏ် ၊ လေပြင်းတိုက်တဲ့ ဒဏ် ကို မခံနိုင်တော့တာနဲ့ မနက်စာ စားရင်း Admin အစ်မကို Car Camping Style Room ကို ပြောင်းလို့ ရသလား မေးတော့ သူတို့ က စီစဥ်ပေးရှာတယ်။ အဲဒီ ၂ ခုကြားမှာ စျေးက တစ်ညကို 100 Bahts လောက်ကွာတယ်။ အဲဒီ ကွာတဲ့ ငွေပမာဏကိုလဲ ထပ်ပေးဖို့ ပြောတာ မယူလိုက်ဘူး။ Car Camping Style Room က အခန်းနည်းနည်းကျဥ်းသလို ခံစားရပေမယ့် အတွင်းထဲမှာ အတော်နွေးတယ်။
ဒီကနေ မြင်ရတဲ့ မြင်ကွင်းကတော့ Dome ကနေ မြင်ရတာလောက် မရှင်းပေမယ့် မဆိုးလှပါဘူး။ ခြံဝင်းလေးနဲ့ဆိုတော့ private ပိုဆန်သလို ခံစားရတယ်။ နောက်ပီး Tent မှာလို မိုးရေ စိုစိစိုစိ ဖြစ်တာမျိုး မခံစားရဘူး။ နွေရာသီ (သို့) ဆောင်းရာသီဘက် လာလည်ရင် Tent မှာ နေသင့်ပြီး မိုးရွာသီဆိုရင်တော့ Camping Style Room က ပိုအဆင်ပြေမယ်။
ခံစားချက်
ဒီမှာ တောင်တက် ၊ တောင်ဆင်းတွေ ရယ်၊ Taxi/Motorcycle ငှားဖို့ မလွယ်တာရယ်ကြောင့် ဘယ်ကိုမှ မသွားဖြစ်ပါဘူး။ သွားစရာ နေရာလဲ များများစားစား မရှိလောက်ဘူးထင်တယ်။ စာလေးဖတ် ၊ စာလေးရေး ၊ လေကောင်းလေသန့် ရှုရင်း တောင်တန်းတွေကို ကြည့်ပြီး အေးအေးဆေးဆေး နေဖို့ပဲ လာသင့်တယ်။ ပူတူးလေးကတော့ ဘယ်မှ မသွားရလို့ ကောက်ပီး အိပ်နေလေရဲ့ ။ ပန်းခင်းတွေ ရှိတယ် ပြောပေမယ့် အခုထိ ဘယ်လို သွားရမလဲ မသိသေးဘူး။ သွားပြီးရင်လဲ မိုးရွာမှာ ကြောက်ရပြန်ရော။ ခရီးသွားနေရင်း ဖျားတာမျိုးလဲ မဖြစ်ချင်လို့လေ။
ချင်းမိုင် Asia Book ကနေ ဝယ်လာတဲ့ ဆရာတော် သစ်နက်ဟန် ရဲ့ Fear ဆိုတဲ့ စာအုပ် အစပိုင်းလေး ဖတ်ဖြစ်တယ်။ ကြောက်ရွံ့မှု တွေကို ရှောင်မပြေးပဲ အတွင်းထဲ အနက်ကျကျထိ ရင်ဆိုင်လိုက်ဖို့ ဆရာတော်က မှာတယ်။ လောလောဆယ် အကြောက်ဆုံးကတော့ အလုပ်သစ်မှာ အဆင်မပြေမှာကိုပဲ။ ဒီရောက်တော့ Code ရေးချင်စိတ် ဖြစ်ပေမယ့် မရေးရသေးပါဘူး။
ဒီလောက်နဲ့ပဲ ရေးတာ ခန ရပ်လိုက်ဦးမယ်။ ဒီနေ့က ကိုဇေယျာသော်တို့ ကြိုးပေး အသတ်ခံရတာ ၂ နှစ် ပြည့်တဲ့ နေ့ ။ ကိုယ့်အတွက် ယာယီ အေးချမ်းရာ ဒေသတစ်ခုကို ရောက်နေပေမယ့် ကျန်ခဲ့တဲ့သူတွေ ၊ နိုင်ငံအတွက် စိတ်မလုံ guilty ဖြစ်သလိုတော့ ခံစားရတယ်။
You must be logged in to post a comment.