I wrote this blog after reading 20 Years of Blogging post found from HN.
အခြေအနေ
Facebook ကို ပြည်တွင်းမှာ လုံးဝ သုံးမရအောင် စစ်တပ်ဘက်က ကိုင်တွယ်လိုက်နိုင်ဟန် တူတယ်။ အခြား alternatives (e.g : Bluesky, Mustondon) တွေကလဲ သာမန်ပြည်သူတွေကြားမှာ မတွင်ကျယ်တော့ Facebook သုံးမရတဲ့ case က တော်တော်ကြီး သက်ရောက်မှု ရှိမယ်။ Telegram သုံးလို့ ရနေသေးရင်တော့ အဲဒီပေါ်မှာ ရွှေ့လာနိုင်တယ်။
ပြီးခဲ့တဲ့လက ဗမာစစ်တပ်ရဲ့ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုတွေ ရှိခဲ့တယ်။ ဘုန်းကြီးကျောင်းမှာ ပုန်းနေတဲ့ ရွာသူ၊ရွာသားတွေထဲမှာ ယောင်္ကျားတွေချည်း အပြင်ရွေးထုတ်ခေါ်ပြီး သတ်သွားတာ။ ရခိုင်ဘက်မှာလဲ စစ်မီး အကြီးအကျယ်တောက်နေတယ်။ ဘူးသီးတောင် မီးလောင်တဲ့ ဖြစ်ရပ် မှာ AA နဲ့ ရိုဟင်ဂျာအရေးထောက်ခံသူတွေအကြား ကယက်ရိုက်ခဲ့သေးတယ်။ လူမျိုး၊ဘာသာရေး အခြေခံနေတော့ ဘယ်ခေတ်၊ဘယ်လိုအခြေအနေ ရောက်ရောက် မီးမွှေးလို့ကောင်းနေတဲ့ အရာ ဖြစ်နေတုန်းပါပဲ။ တက်ကြွလှုပ်ရှားသူတွေတောင် ဒီလိုဖြစ်ရပ်တွေမှာ သိပ်အထိန်းအကွပ် မရှိကြသလိုပဲ။ ကြားလူတစ်ယောက်အနေနဲ့ ကိုယ်တွေးတက်သလောက် တွေးကြည့်မိတယ်။
၁။ ဗိုလ်ချုပ်ထွန်းမြတ်နိုင် ရဲ့ Tweet က ရိုက်ခတ်မှု ကြီးတယ်။ လူသားတစ်ယောက်အနေနဲ့ စဥ်းစားကြည့်ရင်ကျ “ငါတို့ဘက်က လုပ်ပေးရဲ့သားနဲ့ လာစွပ်စွဲတယ်” ဆိုတာမျိုး ဖြစ်နိုင်ပေမယ့် တဖက်လူတွေအတွက်ကျ မီးစ ရှို့လိုက်သလိုပဲ။ နောက်ပြီး ရခိုင် အနေနဲ့ သီးခြားအုပ်ချုပ်ခွင့်ရဒေသ အနေနဲ့ ရပ်တည်နိုင်ဖို့ စီးပွားရေး ၊ လူမှုရေး အထောက်အပံ့အတွက် ဗမာပြည်မ ကို မမှီခိုချင်ဘူးဆိုရင် ပင်လယ်ထွက်ပေါက် (ကမ္ဘာ့နိုင်ငံတွေနဲ့ ဆက်ဆံရေး) က အရေးပါလာမှာ။ အဲဒီအခြေအနေမှာ အခုလို ဖြစ်ရပ်တွေကို အေးအေးဆေးဆေး မကိုင်တွယ်နိုင်ခဲ့ဘူးဆိုရင် ဆက်ဆံရေးလဲ အဆင်ပြေမယ် မထင်ဘူး။
၂။ ရိုအရေး တက်ကြွလှုပ်ရှားသူ (ဥပမာ – ရိုနေဆန်းလွင်) တို့ဘက်က ကျပြန်တော့လဲ အာရုံစိုက်မှု မရရအောင် “AA ရဲ့ လူမျိုးတုံး သတ်ဖြတ်မှု” ဆိုတဲ့ အသုံးအနှုန်းမျိုးကို ကြိမ်ဖန်များစွာ သုံးတာကျတော့လဲ သိပ်အဆင်မပြေပြန်ဘူး။ တကယ်တမ်းကျ ကမ္ဘာကြီးက နိုင်ရာလူ၊ အင်အားကြီးရာလူ ချယ်လှယ်တဲ့ စနစ်နဲ့ ရှင်သန်နေတာကြီးပဲ။ အမေရိကန်က အီရတ်၊အာဖကန်နစ္စတန် မှာ လူပေါင်းများစွာ သတ်ဖြတ်ခဲ့တုန်းက ဘာများ ပြောရဲခဲ့ကြလို့လဲ။ နောက်တခုက “လူမျိုးတုံး သတ်ဖြတ်မှု” ဆိုတာက ဥပဒေ စကားလုံး ဖြစ်တဲ့အတွက် ဘူးသီးတောင် မီးလောင်မှုမှာ အနည်းဆုံး ခန့်မှန်းခြေ လူဘယ်လောက် သေဆုံးသွားပါတယ် ဆိုတဲ့ အထောက်အထားမျိုး ရှိမှသာ သုံးသင့်တယ်လို့ မြင်တယ်။
၃။ ဗိုလ်ချုပ်ထွန်းမြတ်နိုင် နဲ့ ၂၀၁၆ လောက်က ဒေါ်အောင်ဆန်းစုကြည် နဲ့ နေရာချင်းလဲလိုက်သလိုပဲ။ ကိုင်တွယ်ပုံချင်း မတူပါစေနဲ့လို့ပဲ ဆုတောင်းတယ်။
စာအုပ်များ
နေရူး ရဲ့ လျှပ်တပြက် ကမ္ဘာ့သမိုင်း စာအုပ် ပြန်ဖတ်ဖြစ်တယ်။ သမိုင်းမှာလဲ သွေးစီးကြောင်းတွေက နည်းခဲ့တာမှ မဟုတ်တာ။ အကုန်လုံးကို လကမ္ဘာပေါ်ကနေ လှမ်းကြည့်မယ် ဆိုရင် မြန်မာပြည် ဖြစ်ရပ်က သန်းပေါင်းများစွာသော ဖြစ်ရပ်တွေထဲမှာ ဖြစ်ရပ်လေးတစ်ခုပဲ ဖြစ်နေမှာ။ ပိုကောင်းဖို့ အတွက် စတေးကြတယ် ဆိုပေမယ့် လူသားဖြစ်ခြင်း ရဲ့ အဓိပ္ပါယ် နဲ့ အတ္တ က ရှိနေသေးတာကို။
လေ့လာမှု
Raspberry Pi နဲ့ Circuit Board တွေ ပြန်ကိုင်ရတော့ ကျောင်းသားဘဝ ပြန်ရောက်သွားသလိုပဲ။ Learning by Teaching ဆိုတဲ့အတိုင်း တခုခု ကို ပြန်သင်ပေးဖို့အတွက် လေ့လာတဲ့ ပုံစံဖြစ်အောင် ကြိုးစားရဦးမယ်။ တကယ်တမ်းကျ လုပ်နေရင်း Tutorial (or) Documentation တွေ ပိုလုပ်သင့်တာ။
အင်္ဂလိပ်စာ ပြန်လုပ်ဖြစ်ပေမယ့် practice အားနည်းတော့ Writing ပိုင်း လိုနေတုန်းပဲ။
You must be logged in to post a comment.