ရောက်မိရောက်ရာ ဖတ်၊တွေးတွေ
ဒီရက်ပိုင်း Facebook ပေါ်မှာ ဖတ်လိုက်ရတဲ့ Jackie Chan နဲ့ Teresa Teng အကြောင်း အခြေခံပြီး ဒီနေ့ စာရေးဖြစ်တာ။ အခုလဲ Teresa Teng ရဲ့ နာမည်ကျော် သီချင်း ကို ဖွင့်ရင်း ရေးနေတာ။ Jackie Chan ရေးထားသလို သူ့ အနေနဲ့ Teresa Teng အပေါ် ရိုင်းစိုင်းမိတာတွေက သူ့ငယ်ဘဝ အငုံ့စိတ် အပေါ် အခြေခံတယ် ဆိုတာနဲ့ ပတ်သတ်ပြီး ဆက်စပ်တွေးမိလို့ပါ။ သာဓု ရဲ့ “အတာ” ထဲမှာလဲ အဲဒီ အငုံ့စိတ် အကြောင်း ရေးထားတာ သတိရမိတယ်။ ဆရာကြီးရွှေဥဒေါင်း ရဲ့ အသုံးအရဆိုရင်တော့ ငယ်ဘဝ “ဆူးကြီး”တွေ ပေါက်ခဲ့တာကြောင့်ပေါ့။
Jackie Chan က သူ အသက်ကြီးတဲ့အချိန်မှ နောင်တ ရရင်း ဒါ မကောင်းဘူးလို့ ပြန်ပြောနိုင်တာကို။ အဲဒီအချိန် ကာလ သူ့ရဲ့ အောင်မြင်မှု ၊ လူငယ်စိတ် နဲ့ကျ အမှားလို့တောင် သတိထားမိမှာ မဟုတ်ဘူး။ နောက်ထပ် ပြန်စဥ်းစားရင်ကျတော့လဲ Teresa Teng ကို ၁ နာရီကြာ ငုတ်တုတ်ထိုင်ခိုင်းထားတဲ့ အဖြစ်အပျက်မှာဆိုရင်လဲ သူက Dragon Lord ဇာတ်ကားကို ရိုက်နေတဲ့အချိန်လို့ ပြောတယ်။ အဲဒီဇာတ်ကား က အခု ပြန်ကြည့်ရင်တောင် ကြည့်ကောင်းပြီး action တွေက မိုက်တယ်။ (အနည်းဆုံး action ဇာတ်ကားကောင်းလို့ ပြောလို့ရတယ်။) အဲဒါဆိုတော့ အဲဒီအချိန် အဲဒီဇာတ်ကားအပေါ် စိတ်အရမ်းနှစ်ထားလို့သာ အခု နှစ်ပေါင်းအများကြီးကြာတဲ့အထိ လူတွေ ပြန်ကြည့်ဖြစ်နေသေးတာကို။ ထားကြပါစို့ . အဲဒီအချိန် Teresa Teng အပေါ် ဂရုစိုက်ပြီး စုံတွဲတွေ ဖြစ် ၊ public က အုံးအုံးကျွတ်နဲ့ ဇာတ်ကားအပေါ် အဆင်ပြေသလို လုပ်ခဲ့တယ် ဆိုရင်ကော …။ ဘယ်လို ဖြစ်နိုင်မလဲ။
အရာရာတိုင်းကကတော့ ပေးလိုက်ရတာတွေနဲ့ ပြန်ရလိုက်တာတွေ မျိုးစုံ ရှိနေမှာပဲ။ အဲဒီကြားမှာမှ ဗုဒ္ဓဟောသလို အလယ်အလတ်လမ်းစဥ် ကျင့်ဖို့ဆိုတာ အတော်ခက်တယ်။ (ကိုယ့်ကိုယ်ကို သိပြီး ထိန်းသင့်တာ ထိန်း၊ တွန်းသင့်တာ တွန်းဖို့အတွက်လေ။) ဒါပေမယ့် အနည်းဆုံး ကိုယ့်အတ္တ ကို အစွန်းမရောက်ဖို့ နဲ့ အခြားသူတွေရဲ့ တန်ဖိုးကို အသိအမှတ်ပြုလေးစားဖို့ ဆိုတာတော့ သင်ခန်းစာ တစ်ခု တော့ ယူရမယ်။
ကိုယ်တွေ့
ကိုယ်တိုင်လဲ ငယ်ဘဝ အငုံ့စိတ်တွေ အတော်များတာ ခံစားမိတယ်။ Mental Counselling လုပ်တုန်းကလဲ အဲဒီအကြောင်းတွေ အများဆုံး ပြောဖြစ်ခဲ့တာ။ အချို့အရာတွေက လွတ်ချလိုက်ဖို့ လိုမယ်။ မဟုတ်ရင် အသက်ရှုတောင် မဝတော့ဘူး။ စာတွေဖတ်လို့ မာန်တက်ခဲ့တာတွေ ၊ ကိုယ့်လောက် ဘယ်ကောင်မှ အဖြစ်မရှိဘူး ထင်တာတွေ။ ဒါတောင် ကိုယ်တွေ့ခဲ့တဲ့ အရင်းနှီးဆုံး မိတ်ဆွေတွေ(အထူးသဖြင့် ကိုကိတ်) က ကိုယ့်ကို ထိန်းကျောင်းပေးခဲ့လို့သာ တက္ကသိုလ်ကျောင်းသားဘဝ က အရမ်း ရှက်စရာတွေ ၊ အထီးကျန်ဆန်ဆန် မပြီးဆုံးခဲ့တာ။ ဒါတွေကလဲ ဘဝ သင်ခန်းစာတွေပါပဲ။ ရှေ့လျှောက်လဲ ပြုပြင်စရာတွေ အများကြီး ကျန်သေးတယ်။
နိုင်ငံရေး
နုစီ ၊ နုကြည် ၊ စီအာပီအိပ် ရဲ့ ပြည်သူ့ညီလာခံ အငြင်းအခုန်။ ယုံကြည်ချက် နဲ့တော့ ရှေ့ဆက်ရမှာပဲ။
ဧပြီ ၂၄ ၊ ၂၀၂၄ ခုနှစ်။
ညဘက် မအိပ်သေးတာနဲ့ ရေချိုးပြီး ဆက်ရေးတဲ့စာ။ ဂျက်ကီချမ်း စာအုပ် တဝက်ကျော်ကျော်လောက် ဖတ်ဖြစ်တယ်။ အမှန်တော့ ဒီ blog ရေးတာကို English လို ရေးဖို့ တွေးနေတာ။ Depression ကြောင့်မို့လေ။ ဒါပေမယ့် တဝက်တပျက် ဖြစ်နေမှာရယ်၊ လောလောဆယ်တော့ ရှိသမျှ ခံစားချက် အကုန် ရေးထုတ်ချင်တာရယ်ကြောင့် မြန်မာလိုပဲ ဆက်ရေးလိုက်ပါဦးမယ်။
စစ်ပွဲ
မြဝတီ က သိမ်းထားတဲ့ တပ်ရင်းထဲကနေ KNU + PDF က တပ်ဆုတ်ပေးလိုက်ရတယ်။ ထုံးစံအတိုင်း ဖေ့စဘုတ် လေတိုက်ပွဲလဲ ဖြစ်ကြပြန်ပီပေါ့ ။ လေယာဥ် ပစ်မချနိုင်မချင်း သိမ်းထားတာကို ထိန်းဖို့ မလွယ်ပါဘူး။ ဒါမှမဟုတ် တနိုင်ငံလုံး လုံးဝ သိမ်းထားပြီး နေပြည်တော်လေး ကွက်ကွက်ကျန်တဲ့ အခြေအနေဆိုရင်တော့ လွယ်မလားမသိဘူး။ ဒါတောင် တနိုင်ငံလုံး မီးလောင်တိုက်သွင်းသွားမယ် ထင်တယ်။ ထိုင်းနိုင်ငံကတော့ ဗမာ ကို လှမ်းကြည့်ပီး အကျိုးဆက်တွေ မြင်လို့လားမသိဘူး။ စစ်တပ်အာဏာသိမ်းမှုကို ထိန်းချုပ်မယ့် ဥပဒေ ဘာညာအကြောင်း သတင်းတက်လာတယ်။ ထိုင်းနိုင်ငံလဲ မြန်မာတွေ ကောင်းမှုနဲ့ပဲ စီးပွားရေး အရှိန်အဟုန် ပြန်တက်ဖို့များတယ်။ လူငယ်လူရွယ်တွေ ရသလောက် လစာလေး နှစ်ပဲခြောက်ပြားနဲ့ ကြုံတဲ့အလုပ်လုပ်ရင်း မြန်မာပြည် မပြန်ရဖို့အရေး အတင်းခြစ်ခြုပ်နေကြတဲ့ အခြေအနေ ဆိုတော့လေ။
စိတ်အခြေအနေ
ဒီရက်ပိုင်း depression တွေ တော်တော်များနေတယ်။ အလုပ်ထဲလဲ အာရုံစိုက်မရဘူး။ English စာကြောင့် ရတဲ့ အခြေအနေကလဲ ၃၀ ရာခိုင်နှုန်းလောက် ပါမယ်ထင်တယ်။
You must be logged in to post a comment.