in Monograph, Travel

ဗီယက်နမ် ခရီးမှတ်တမ်း – ၂

August 20,2023

၉ နာရီ လေယာဥ်ကို ၆နာရီခွဲဝန်းကျင်လောက် လေဆိပ်အရောက်သွားတယ်။ အဲဒီမှာ လူအုပ်ကြီးကို ကြည့်ပြီး ဝရုန်းသုန်းကား စဖြစ်တော့တာပဲ။ ၂ ယောက်ပေါင်းရင် kg 40 ကျော်ရပေမယ့် Luggage တစ်ခုတည်းက 32kg ကျော်နေလို့ ticket counter က စရစ်တယ်။ SGD 60 လောက် အပိုထပ်ပေးပီး kg ဝယ်လိုက်ရတယ်။ luggage တွေ ပစ္စည်းတင်တဲ့ ပတ်လမ်းကြောင်းပေါ် ပါသွားမှ စိတ်အေးရတော့တာပဲ။ အဲဒါလဲ ခနပဲ ကြာတယ်။ immigration မှာ လူတန်းရှည်ကြီး။ အဲဒါကိုက မကျော်ပဲ ဖြတ်နိုင်ခဲ့တယ်။ ဒါပေမယ့် ၈ နာရီထိုးခါနီးမို့ boarding gate ပိတ်မှာစိုးရိမ်ပီး immigration အကျော် security gate ကို ရောက်ဖို့ လူတန်းရှည်ကြီးကို တောင်းတောင်းပန်ပန်နဲ့ ကျော်ခဲ့ရတာပဲ။ နိုင်ငံခြားသားတွေကတော့ နားလည်မှု ရှိကြရှာပါတယ်။

သင်ခန်းစာကတော့ Ho Chi Minh City – International Airport ကို အနည်းဆုံး ၅ နာရီလောက် စောသွားတာ အကောင်းဆုံးပဲ။ လေယာဥ်ပေါ်ရောက်တော့တောင် လေယာဥ်မယ်တွေက luggage အသေး ရဲ့ zip မပိတ်ထားတာကို ပြဿနာရှာသေးတယ်။ နောက်ဆို Vietnam Airline ကို အတတ်နိုင်ဆုံး ရှောင်ရမယ်။ Ticket counter မှာလဲ ဝန်ထမ်း တစ်ယောက်စီလောက်ပဲ ထားပီး မနိုင်မနင်းတွေ လုပ်ထားတာ။

SG ကိုတော့ ချောချောမွေ့မွေ့ပဲ ပြန်ရောက်ပါတယ်။ immgration တောင် မဖြတ်ခဲ့ရပဲ ၅ မိနစ်လောက်နဲ့ ပြီးသွားတာ။ system ကောင်းတဲ့ နိုင်ငံရောက်တော့လဲ အကုန် ပြောင်းလဲသွားတာပဲ။

August 19,2023

နေ့လည် ၁၂ နာရီကား နဲ့ Can Tho ကနေ HCMC ကို ပြန်ခဲ့ကြတာ။ Bus ကားလိုင်းက ဟိုတယ်ထိ အရောက် လာကြိုပေးတာ အတော်သဘောကျဖို့ ကောင်းတယ်။ Tour Guide အစ်ကိုကလဲ lucky charm ဆွဲကြိုး + သော့ချိတ်လေး လက်ဆောင်လာပေးတယ်။ အဲဒီမှာကတည်းက ပစ္စည်းက အတော်များနေပြီ။ Luggage ၃ ခု။ August 18 နေ့လည်ပိုင်းက Lotte Mart မှာ SGD 300 ကျော်ဖိုးလောက်အထိ ကော်ဖီတွေ ၊ အဝတ်အစားတွေ ဝယ်ခဲ့လို့လေ။ August 18 ညပိုင်းမှာက မိတ်ဆွေက ညစာ လိုက်ကျွေးပြီး Can Tho ရဲ့ signature တံတားကို လိုက်ပြတယ်။

August 19 ကားပေါ်မှာ သိပ်အဆင်မပြေဘူး။ အိပ်ပျော်ခါနီးမှာမှ ခြောက်ခြောက်ခြားခြားတွေ ဖြစ်လို့။ လမ်းမှာလဲ ဘာမှ မစားဖြစ်ခဲ့ပါဘူး။ Can Tho <> HCMC ၄ နာရီဝန်းကျင်လောက် စီးရတယ် ထင်တယ်။ ကားဂိတ်ရောက်တော့ Hotel ကို Taxi ပဲ ငှားပီး တိုက်ရိုက်သွားခဲ့တာ။ ဒါတောင် Grab Taxi က ကားဂိတ်ထဲ ဝင်မပေးလို့ အပြင်ထိရောက်အောင် Luggage ကြီးတွေ ဆွဲပီး ဝရုန်းသုန်းကား ထွက်ရတာပဲ။

ညစာကို Hotpot ထွက်စားတယ်။ Can Tho မသွားခင်က Saigon Hanoi Hotel မှာ နေခဲ့တာ။ အရမ်းကျဥ်းကျပ်ပီး အသက်ရှုမဝသလို ခံစားရလို့ Can Tho ကနေ ပြန်အရောက် တစ်ည အိပ်ကိုတော့ Cherry Hotel & Apartment မှာ နေခဲ့တယ်။ လေဆိပ်နဲ့ နီးတာကြောင့်ရော ၊ စျေးမဆိုးတာကြောင့်ရော (VND 400k လောက်ပဲ ထင်တယ်) နေဖြစ်တာ။ indoor swimming pool ပါပေမယ့် မကူးဖြစ်ခဲ့ပါဘူး။ Reception က ဘဲက အင်္ဂလိပ်စကားကောင်းကောင်းပြောတတ်ပေမယ့် ဆက်ဆံရေးတမျိုးပဲ။ အဲနေ့ည ပဲ မန်ယူ – စပါးကို ရှုံးတာ။

August 18,2023

Can Tho မြို့ ကို August 16 ရက်နေ့က ရောက်တယ်။ Sleeper Bus နဲ့ လာခဲ့တာ။ ၃ နာရီကျော်ကျော် စီးရတယ်။ ကားမူးတာရယ် ၊ အပေါ့သွားချင်တာရယ်ကြောင့် ကားပေါ်မှာ ဒုက္ခရောက်ခဲ့သေးတယ်။ ဘယ်လိုဖြစ်ဖြစ် အဲဒီ Thanh Buoi Bus ကားလိုင်းကိုတော့ တကယ် recommend ပေးချင်တယ်။ ကားလက်မှတ်ကို သူတို့ရဲ့ official website ကနေပဲ လှမ်းဝယ်လိုက်တာ။ ထွက်မယ့်ရက် မတိုင်ခင်မှာ သူတို့ဘက်ကလဲ ဖုန်းဆက်ပေးတယ်။ Ho Chi Minh မြို့လယ်ခေါင်လောက်မှာ သူတို့ရဲ့ bus station ရှိတယ်။ လက်မှတ်ဖြတ်တဲ့အချိန်မှာ အဲဒီ station ကို ကိုယ့်ဘာသာ ကိုယ် သွားမယ်လို့ ရွေးလိုက်တာ ပိုအဆင်ပြေတယ်။ မဟုတ်ရင် Vietnam နာမည်နဲ့ လမ်းတွေက မှတ်ရခက်တော့ လွဲမှာစိုးလို့ ။ အဲဒီ bus station ကို ၁ နာရီ စောရောက်အောင် သွားလိုက်တယ်။ အလာ ကားက နေ့လည် ၁ နာရီ ဖြတ်ထားတာ။ အဲဒီ station နားမှာပဲ ယူနီဖောင်းတွေနဲ့ ဝန်ထမ်းတွေ စောင့်ကြိုပေးနေတယ်။ ပစ္စည်းတွေ ဘာတွေလဲ သယ်ကူပေးတယ်။ မြန်မာနိုင်ငံမှာတောင် အဲဒီလိုမျိုး မကြုံဖူးသေးဘူး။ အင်္ဂလိပ်စကား အရမ်းကြီး မပြောတတ်ပေမယ့် ဆက်သွယ်လို့ ရတယ်။ booking လက်မှတ် ပြလိုက်တာနဲ့ slip ထုတ်ပေးပြီး စောင့်ခိုင်းတာ။

အဲဒီ မြို့ထဲက station ကနေ မြို့ပြင်လောက်မှာ ရှိတဲ့ Bus Terminal ကို တဆင့် ထပ်သွားရတယ်။ အဲဒီအတွက်ကို သူတို့က ကား စီစဥ်ပေးတာ။ အဲဒီ စီစဥ်ပေးတဲ့ bus က ရိုးရိုးထိုင်ခုံနဲ့ဆိုတော့ ကြောင်သွားသေးတယ်။ Terminal ရောက်မှ sleeper bus ပေါ်ကို ပြောင်းရတယ်။ luggage တွေကိုလဲ သေချာ ဂရုစိုက် တင်ပေးရှာပါတယ်။ sleeper seat က တစ်ယောက်စာတွေပဲ ဆိုတော့ နဲနဲတော့ ကျဥ်းတယ်။ aircon တော်တော်အေးတယ်။

Can Tho bus station က တော်တော်ကျယ်ပြီး သပ်ရပ်တယ်လို့ ပြောလို့ ရတယ်။ ၁၀ မိနစ်လောက် မိတ်ဆွေ လာကြိုတာကို စောင့်ခဲ့ရတယ်။ မြို့က နယ်မြို့ပေမယ့် တိုးတက်နေတဲ့ အနေအထားက မြင်သာပါတယ်။ Mekong Delta မှာ အကြီးဆုံးမြို့ ဆိုတော့လဲ အဲဒီလောက်တော့ ရှိမှာပေါ့။ ဒီမြို့မှာတော့ မြို့လယ်ခေါင်မဟုတ်တဲ့ ဟိုတယ် ရွေးလိုက်တာ Con Khuong Resort မှာ တည်းဖြစ်တယ်။ မဲခေါင်မြစ်ကို လှမ်းမြင်နေရတဲ့ view ရယ်၊ ရေကူးကန် ဘာညာ ပါတာရယ်ဆိုတော့ စျေးတော့ နည်းနည်းမြင့်သလိုပဲ။ မနက်စာတော့ မစားရသေးတော့ မပြောတတ်သေးဘူး။ အခုက August 18 အရောက် မနက် ၁ နာရီ။ အိပ်မပျော်တာနဲ့ စာထိုင်ရေးနေတာ။ အလုပ်ထဲ ပြန်ဝင်ရတော့မှာမို့လား မပြောတတ်။ စိတ်ပူတာတွေ ပြန်ဖြစ်နေတယ်။ အဓိကကတော့ ကိုယ့်နိုင်ငံ ကိုယ် မပြန်ချင်တာပဲ ????

August 17,2023

မိတ်ဆွေ ချိတ်ဆက်ပေးတာနဲ့ Mekong Delta – Floating Market သွားတဲ့ tour တစ်ခုကို join ဖြစ်တယ်။ ဗီယက်နမ် စရောက်ကတည်းက ကိုယ့်ဘာသာ google maps ကြည့် / internet review တွေ ကြည့်ပြီး လျှောက်သွားနေရာကနေ ပထမဆုံး Tour guide နဲ့ သွားဖူးတာပဲ။ တစ်ယောက်ကို 650k VND ကျတယ်။ မနက် ၆ နာရီလောက်က စလိုက်တဲ့ ခရီးက ညနေ ၂ နာရီကျော်လောက်မှ အပြီးသတ်တာပဲ။ အဲဒီတော့ တန်တယ်လို့ပဲ ပြောရမလားပေါ့။ Tour ကုမ္မဏီ website

လူ ၁၁ ယောက်လောက် ပါတယ်။ သြစတေးလျက လာတဲ့ tourist ၂ ယောက် ပါတော့ အဆင်ပြေသွားတာ။ မဟုတ်ရင် တစ်လမ်းလုံး vietnam စကားတွေပဲ နားထောင်ရတော့မှာ။ ကျန်တဲ့သူတွေက local တွေမို့လို့လေ။ စက်လှေမစီးရတာ ကြာပြီ။ တက္ကသိုလ်တက်နေတဲ့ ကာလတစ်လျှောက်လုံးနီးပါးဆိုတော့ မစီးဖြစ်တာ ၇ နှစ် ၈ နှစ်လောက် ရှိမယ် ထင်တယ်။ အခု ပြန်စီးရတော့ ငယ်ဘဝ ကိုယ် ကျင်လည်ခဲ့ရတဲ့ အချိန်တွေကို သတိရမိတယ်။ မဲခေါင်မြစ်က ကျွန်တော်တို့ဆီက မြစ်တွေ နဲ့ (ကိုယ် သိတဲ့ ချင်းတွင်းပေါ့လေ) ယှဥ်ရင် ပိုသန့်တယ်လို့ ခံစားရတယ်။ ကိုယ်ပဲ မြို့နားနီးစပ်လောက် ရောက်ခဲ့လို့လားတော့ မပြောတတ်။ အမှိုက် သိပ်မတွေ့ရဘူး။ လုံးဝ ပလပ်စတစ် အမှိုက်မရှိတာမျိုးတော့လဲ မဟုတ်ဘူး။ မျက်စိရှေ့ထင် local တစ်ယောက် မြစ်ထဲ တခါသုံးပလပ်စတစ်ခွက် လွှင့်ပစ်တာ တွေ့ခဲ့တယ်။ ဒါပေမယ့် မြန်မာပြည်မြစ်တွေလောက်တော့ အမှိုက်ပုံကြီးတွေ ဟီးထနေတာမျိုး မတွေ့ခဲ့ဘူး။

Floating Market ကတော့ ကျွန်တော့်လို အင်းလေးကန် မရောက်ဖူးသေးတဲ့လူအတွက်တော့ အသစ်အဆန်းပဲ။ စက်လှေတွေမှာ ဝါးတိုင်တွေ ထောင်ထားပြီး အဲဒီ ဝါးတိုင်ထိပ်လေးတွေမှာ ရောင်းချတဲ့ ပစ္စည်းတွေကို သိသာအောင် ချိတ်ထားတာလေး သဘောကျမိတယ်။ အဲဒီလို ချိတ်ထားတဲ့ လှေတွေက ဒိုင်ပုံစံမျိုး လှေအကြီးတွေ။ သူတို့က အော်မရောင်းဘူး။ ဒီအတိုင်း လှေအသေးလေးတွေနဲ့ လိုက်အော်ရောင်းတာမျိုး စျေးသည်က သပ်သပ်ရှိတယ်။ လှေစျေးသည်တွေဆီကနေ ဘာမှတော့ မဝယ်ဖြစ်ခဲ့ပါဘူး။ အသီးအနှံတွေပဲ များတော့လေ။ ခေါက်ဆွဲဆိုင်ရောက်တော့ ဆိုင်ပေါ် တက်စားခဲ့ရတာ။ နာမည်ကြီးတာက ကိုယ်စီးလာတဲ့ စက်လှေပေါ်မှာပဲ မှာပြီး ထိုင်စားတာမျိုးက နာမည်ကြီးတာလို့ ပြောတယ်။ ခေါက်ဆွဲအရသာကတော့ သိပ်ကောင်းလှတယ် မဟုတ်ဘူး။ ဒါပေမယ့် မြန်မာပြည်မှာ နံရိုးခေါက်ဆွဲမှာရင် ချပေးတဲ့ ငါးပိလိုမျိုးလေး fish paste တွေ့ခဲ့တယ်။ အရသာ တော်တော် ဆင်တယ်။

Floating Market ကနေ သစ်သီးခြံလိုမျိုး ရှိတဲ့ ရွာတစ်ခုကို ဆက်သွားတာ။ လမ်းကျဥ်းလေးထဲမှာ စက်ဘီးစီးပြီး သွားရတာ။