Photo taken from Hanoi HCMC Flight (QH-241)

in Monograph, Travel

ဗီယက်နမ် ခရီးမှတ်တမ်း – ၁

August 15,2023

၁၄ ရက်နေ့ ည (၇) နာရီခွဲလောက်က Ho Chi Minh City ကို ရောက်တယ်။ Hanoi ကနေ စီးလာတာ ၂နာရီခွဲကျော်ကျော်။ air traffic ကြောင့် ပိုကြာသွားတယ် ပြောတယ်။ အမှန်က ကနဦး လက်မှတ်ဖြတ်ထားတဲ့ Hanoi Flight ကနေ around 1PM။ ဒါပေမယ့် Bamboo Airline ဘက်က ၂ ကြိမ်လောက် အချိန်ပြောင်းလိုက်တာကနေ ညနေ 4:45 flight ဖြစ်သွားတာ။

Online Check-in လုပ်ထားလိုက်တော့ boarding pass ယူတာတွေက အေးအေးဆေးဆေးပါပဲ။ carry-on buggage ဆိုရင် အလေးချိန်တောင် မစစ်ဘူး။ လေဆိပ်ထဲမှာ လူတော့ အတော်များတာ။ ထင်တောင်မထင်ထားဘူး။ လေယာဥ်ပေါ်မှာဆိုလဲ ခုံအပြည့်ပဲ။ ဗီယက်နမ် ရဲ့ တစ်မြို့နဲ့ တမြို့ အကွာအဝေးက ကား/ရထား စီးမယ်ဆိုရင် နာရီဆယ်ချီကြာမှာရော ၊ လေယာဥ်လက်မှတ်ခ ကို သာမန်လူတန်းစားက အစ တတ်နိုင်တာမျိုးကြောင့် ဖြစ်မယ်။ အဘိုးကြီး အဘွားကြီးအရွယ်တွေ စီးနေတာ တွေ့ခဲ့တယ်။

လေဆိပ်အသွားလမ်းမှာ data package daily limit (4GB / day ထင်တယ်) ကျော်သွားလို့ ဘာ အင်တာနက်မှ မရတာနဲ့ တိုင်ပတ်သွားသေးတယ်။ ဖြေရှင်းနည်းကတော့ နီးရာ ကော်ဖီဆိုင် ဝင်ထိုင် ၊ အဲဒီ wifi နဲ့ vinaphone mobile app download လုပ်၊ ph bill လှမ်းဖြည့်ခိုင်း ၊ app ထဲကနေ 1GB package ဝယ်လိုက်မှ အဆင်ပြေသွားတယ်။ ဒါတောင် mobile app က language – english ပြောင်းတာတောင် vietnam စာတွေနဲ့ပဲ noti တက်နေလို့ ။ ဘာသာပြန်ဖို့အတွက် Google Lens or Translator app ကောင်းကောင်းတစ်ခု လိုတယ်။

ဒီ စာတွေက တစ်နေ့ တစ်ရက် ပုံမှန်လေး ရေးဖို့ တွေးထားတာ။ ခရီးပန်းတာရော ၊ အပျင်းကြီးတာရော နဲ့ မရေးဖြစ်တာကြောင့် back date တွေနဲ့ အရင်ရက်တွေက ဖြစ်ခဲ့တဲ့အကြောင်းတွေက မှတ်မိသလောက် ပြန်ရေးဦးမယ်။

August 14,2023

Hanoi (Kingdom Hotel , Old Quarter) ။ မနက် ၁၀ နာရီလောက်မှ အိပ်ရာ ထတာ။ မနက်ပိုင်း ၁ နာရီခွဲလောက် ထင်တယ် ။ ချဲဆီးလ် vs လီဗာပူး ပွဲလာလို့ ထိုင်ကြည့်နေလို့။ Robin Hood ကားပါ ကြည့်လိုက်သေးတယ်။ August ၁၂ ရက်နေ့ ည ၈ နာရီကျော်လောက်မှ Sapa ကနေ Hanoi ကို ပြန်ရောက်တာ။ Sapa အကြောင်းနဲ့ အဲဒီမတိုင်ခင် Hanoi အကြောင်းကို blog သပ်သပ် ပြန်ရေးရမယ်။ အမှန်က ပတ်ဝန်းကျင်ပုံလေးတွေပါ ပြန်ရှာပြီး သပ်သပ်ရပ်ရပ်လေး ရေးချင်တာပါ။ ရေးဖြစ်ပါစေပေါ့။

၁၄ ရက်နေ့ မနက်ပိုင်းက Cafe Giang ဆိုတဲ့ ကော်ဖီဆိုင်လေးမှာ egg coffee နဲ့ ရိုးရိုး vietnam coffee တစ်ခွက်ဆီ သောက်ဖြစ်ခဲ့တယ်။ egg coffee မဆိုးဘူးလို့ ပြောရမယ်။ ဟိုးအရင်ရက်က ပထမဆုံးအကြိမ် egg coffee သောက်ဖူးတဲ့ Cafe Pho Co မှာတုန်းက ကော်ဖီအရသာထက် အချိုတော်တော်ကဲတယ်လို့ ခံစားရတယ်။ Cafe Giang ကတော့ သိပ် decoration မလှဘူး။ လူလဲ တော်တော်ကြပ်တယ်။ ခုံပုလေးတွေနဲ့ အပြည့်ပဲ။ မြန်မာနိုင်ငံ က မနက်ခင်း လက်ဖက်ရည်ဆိုင်တွေ အတိုင်းပါပဲ။ ဒါပေမယ့် Vietnam မှာက တိုက်ခန်းအလွှာထဲမှာဆိုတော့ အရမ်းပူးကပ်နေသလို ခံစားရတယ်။ မြန်မာနိုင်ငံက လက်ဖက်ရည်ဆိုင်တွေလို လွတ်လွတ်လပ်လပ် ဖြစ်မနေဘူး။ နောက်ပြီး coffee ဆိုင်မှာ coffee ပဲရတယ်။ ဘာ snack မှ မရဘူး။ :’) Cake လေး ဘာလေးနဲ့ တွဲစားချင်တာကို။ သူတို့ ရိုးရာကိုက အဲဒီပုံစံဖြစ်မယ်။ လာတဲ့လူတိုင်းကလဲ coffee ပဲ မှာသောက် ၊ ပြန်သွားကြတာပဲ။ Old Quarter ထဲမှာ coffee + cake တွဲရောင်းတဲ့ ဆိုင်တွေ ရှိပေမယ့် အသစ်ပေါ်လာတာတွေ ဖြစ်ဖို့ များပါတယ်။ Cafe Giang မှာ အကြာကြီးတောင် မထိုင်ဖြစ်ခဲ့ပါဘူး ။ စျေးတော်တော် သက်သာတယ်။ ၂ ခွက်မှ 65k လောက်ပဲ ကျခဲ့တာ ထင်တယ်။ မြန်မာကျပ်ငွေနဲ့ ဆိုရင်တော့ (အလွယ် တွက် – သုည တစ်လုံး ဖြုတ်) 6500 ကျပ်လောက် ဖြစ်မလားပဲ။

အသွား လမ်းလျှောက် ၊ အပြန် လမ်းလျှောက် ပြီးပဲ သွားခဲ့ကြတာ ။ Vietnam မှာ လမ်းလျှောက်ရတာ လည်ပင်းအတော်လိမ်တယ်။ ဆိုင်ကယ်၊ကား အရမ်းရှုပ်တော့ ဘယ်၊ညာ၊ရှေ့၊နောက် အကုန်ကြည့်ပီးမှ လမ်းကူး၊လမ်းလျှောက်ရလို့လေ။ လမ်းလျှောက်ရင်း ဖုန်းဆိုင်ရှာတာ မတွေ့ဘူး။ ဟိုတယ် ပြန်ရောက်မှ Kingdom Hotel က Mr.Nam ကို မေးတော့ သူ ညွှန်းတဲ့အတိုင်း ပြန်လျှောက်လိုက်တာ mobile service ဆိုင်လေး တစ်ဆိုင်တွေ့တယ်။ အဲဒီမှာ iphone screen protector လဲခဲ့တယ်။ စျေးမဆိုးဘူး။ 100k Dong ဆိုတော့ မြန်မာငွေ ၁ သောင်းလောက်ပဲပေါ့။ အရည်အသွေးတော့ မပြောတတ်။ Old Quarter ဘက်မှာ mobile service ဆိုင် တော်တော်ရှားတယ်။ Maps မှာ ရှာကြည့်ရင် Hoan Kiem Lake ဘက်နားဘက်မှာတွေပဲ တွေ့တာ။

၂ ညအိပ် ၃ ရက် နေခဲ့တဲ့ Kingdom Hotel အကြောင်း ရေးရမယ် ဆိုရင် hotel က old quarter ထဲမှာပဲ။ တစ်ညကို 600k VND လောက် ကျတယ်။ မနက်စာ မပါဘူး။ အခန်းတော်တော် ကျဥ်းတယ်။ ကုတင် တစ်လုံးစာ ပါပဲ။ ရေချိုးခန်း ၊ အိမ်သာ တွဲလျက်တော့ ပါတယ်။ အဲဒါတွေကတော့ သန့်ရှင်းပါတယ်။ အခန်းကျဥ်းတော့ လှောင်သလို ၊ အသက်ရှုမဝသလို ခံစားရတယ်။ Aircon ဖွင့်ပြန်တော့လဲ ချမ်းတတ်တာနဲ့ တိုင်တွေ ပတ်ရော။ city view ဆိုပီး ယူလိုက်ပေမယ့် ပြတင်းပေါက် ပုံစံ မှန် လိုက်ကာကို ဖွင့်လိုက်ရင် အပြင်ဘက်ကနေလဲ ကိုယ့်ကို လှမ်းမြင်နေရသလား ဆိုပီး ဖြစ်တော့ ပြန်ပိတ်ထားလိုက်ရတယ်။ ဒီတော့ ဘာမှ မထူးပါဘူး။ ပြတင်းပေါက် မပါတဲ့အခန်းဆိုရင် တစ်ညကို 500k VND ထင်တယ်။ Old Quarter ဝန်းကျင်ကတော့ tourist တွေ အနေများ ၊ အသွားများတော့ စျေးတွေက အဲဒီလောက် ဝန်းကျင် အနည်းဆုံး ဖြစ်မယ် ထင်တယ်။ နောက် blog တစ်ခုကျမှ စစချင်းနေခဲ့တဲ့ Maya Boutique Hotel အကြောင်း ထပ်ရေးဦးမယ်။ Kingdom Hotel မှာ ရှားရှားပါးပါးတွေ့ခဲ့တာတစ်ခုက ရေခဲသေတ္တာထဲမှာ ရေသန့်ဗူးကြီး 1.5 liter ထည့်ထားပေးပြီး စျေးကလဲ 15k VND လောက်ပဲရှိတယ်။ အခြား hotel တွေမှာ နေခဲ့သမျှ ဗူးသေးတွေပဲ ထည့်ထားပေးပီး စျေးလဲ 20k , 25k လောက်တွေ ရိုက်ထားတာ။

Kingdom Hotel ဝန်းကျင် ညပိုင်းတွေကတော့ လမ်းပေါ်မှာ ခုံတွေ အပြည့် ၊ ဆိုင်တွေ အပြည့်ပဲ။ Kingdom Hotel အနောက်ဘက်နားမှာဆိုရင် လမ်းလုံးပြည့် ခုံတွေ ခင်းပီး စားသောက်ဆိုင် (အရက်ဆိုင် ၊ ဘီယာဆိုင်တွေ) ညဆို ဖွင့်တာ။ ရောက်စ လမ်းလျှောက်ကြည့်တာ ။ မြန်မာပြည်က သီတင်းကျွတ် ပွဲစျေးတန်းအတိုင်းပဲ။ အတော် တိုးယူရတယ်။ ပိုက်ဆံအိတ် ၊ ဖုန်းလဲ သတိထားရသေး။ အဲဒီနားမှာ မကြိုက်တာ တစ်ခုက အဲဒီ ဆိုင်တွေက စားပွဲထိုးတွေက လူခေါ်ရင်း လူကို လှမ်းလှမ်းဆွဲတာ။ အတော်ရှောင်ယူရတယ်။ အဲဒီနားတစ်ဝိုက်က အစားအသောက် စျေးတွေကလဲ အခြား Old Quarter နေရာတွေထက်တောင် ပိုစျေးများသလိုပဲ။ စျေးနှုန်းက 90k , 100k VND ဝန်းကျင်တွေ ချည်းပဲ။

August 13,2023

Sapa ကနေ Hanoi ကို ပြန်ရောက်ပြီး နောက်တရက်ဆိုတော့ လူလဲ ခရီးတွေ ပန်းနေပြီ။ ၁၃ ရက်နေ့ မနက်စာတောင် ထမစားလိုက်ကြဘူး။ ၁၁ နာရီကျော်လောက်မှ အရင်စားဖူးတဲ့ Maya Boutique Hotel နားက စားသောက်ဆိုင်လေးကို ပြန်သွားပြီး စားခဲ့တယ်။ အဲဒီဆိုင်ကတော့ တော်တော်တန်ပြီး စားလို့ကောင်းတယ်။ ဆက်ဆံရေးလဲ မဆိုးလှပါဘူး။ ပန်ကာတွေ အရမ်းဖွင့်တာတစ်ခုတော့ ပန်ကာလေ မခံနိုင်တဲ့သူအတွက် တော်တော်ဒုက္ခရောက်တယ်။ သရက်သီး နဲ့ ပုစွန် ရောသုပ်ထားတာလေး တော်တော်ကောင်းတယ်။ မြန်မာလို ငါးပိတွေ ဘာတွေ မပါဘူး။ နောက်ပီး သရက်သီးက အချိုကဲတဲ့ ချဥ်တင်တင်လေးဆိုတော့ စားလို့ တော်တော်ကောင်းတယ်။ ယိုးဒယားထောင်းလိုမျိုး ဆုံထဲ ထည့်ထောင်းထားတာမျိုးလဲ မဟုတ်ပြန်ဘူး။ ဒါပေမယ့် မြေပဲနဲ့ အရည်ရွှဲရွှဲမျိုးလေးပဲ။ Beef Noodle လဲ စားလို့ ကောင်းတယ်။ တစ်ခုပဲ။ Vietnam မှာ စားရတာ အစပ် ၊ အချဥ် အတော်လိုတာ။ သံပုရာသီးနဲ့ ငရုတ်သီး(အစပ်)တော့ ချပေးပါရဲ့။ ဒါပေမယ့် သူတို့ဆီကနေ noodle ကို မြန်မာပြည်က မန်ကျည်းချဥ်လိုမျိုးနဲ့ ဖြစ်ဖြစ် ၊ ငရုတ်သီးထောင်းနဲ့ ဖြစ်ဖြစ်နဲ့သာ တွဲစားလိုက်ရရင် အင်မတန် အရသာ ရှိမှာ။ ဒါမှမဟုတ် ကိုးရီးယား ကင်ချီနဲ့ ဖြစ်ဖြစ်ပေါ့။ Vietnam original တွေကတော့ အတော်ပေါ့တယ်။ နောက်ပီး sauce လိုမျိုး ရပြန်ရင်လဲ အငန်ဓါတ်များတဲ့ sauce တွေ (ငံပြာရည်လိုမျိုး) ဖြစ်နေတာ။ အဲဒီ စားသောက်ဆိုင်လေးရဲ့ address မှတ်ခဲ့တယ်။ အဲဒီဆိုင်က Bon Cha ကို ပထမဆုံးစားဖူးပြီး အကြိုက်ဆုံးပဲ။

၁၃ ရက်နေ့ ညနေပိုင်းမှာက ညစာအတွက် Egypt ဆိုင် ဝင်စားတာ ငါးပါး မှောက်တာပဲ။ အဲဒီအကြောင်း edit ပြီး ပြန်ရေးရဦးမယ်။ နောက်ပီးတော့ ဓါတ်ပုံရိုက်လို့ ကောင်းတယ် ဆိုတဲ့ The Haflington bar သွားလိုက်သေးတယ်။ အဲဒီလောက်ကြီး မဟုတ်ပါဘူး။ နေရာကျဥ်းကျဥ်းလေးထဲမှာ တော်တော်မှောင်တယ်။ Tourist တွေရော Vietnam လူငယ်တွေရော အတော်တော့ လာကြတယ်။ စျေးလဲ တော်တော်ကြီးတယ်။ တခွက်ကို ပျှမ်းမျှ 250k VND နဲ့ အထက်မှာချည်းပဲ။ သောက်သာ သောက်ရတာ ၊ အတော် နင်တာ။ 250k လောက်နဲ့ အခြားတစ်ခုခု သွားစားရင် အတော်စားနေရပြီမို့လေ။

နောက်နေ့ ဆက်ရန်။

မန်ယူပွဲ လာတော့မှာမို့ နောက်နေ့မှ ဆက်ရေးပါဦးမည်။ အဆုံးထိ ဖတ်ပေးတဲ့အတွက် ကျေးဇူးပါ။