စာမရေးဖြစ်တာ တော်တော့်ကို ကြာသွားပီ။ ဒီနေ့ site ကို ပြန်ပြင်ဖြစ်တာရော ၊ ဆရာဓီရာမိုရ် ရဲ့ အင်တာဗျူးနဲ့ သီချင်းတွေ နားထောင်ဖြစ်တာရောနဲ့ စိတ်ထဲပြောချင်တာတွေ ရှိနေလို့။ မနေ့ညက ဓီရာမိုရ် ရဲ့ မြစ်အိုကြီး album ထဲက “မျက်ရည်နဲ့ လောင်မြိုက်မယ့် ကမ္ဘာ” သီချင်း ပြန်နားထောင်ဖြစ်ရာကနေ သူ့အကြောင်း documentary ၊ အင်တာဗျူးတွေ လိုက်ကြည့်ဖြစ် ၊ NUCA Orchestra တွေ လိုက်နားထောင်ဖြစ်တယ်။ ဂီတပညာအကြောင်း သူ ဖြေထားတဲ့ အဖြေတစ်ခုကနေ စဥ်းစားစရာတွေ အများကြီး ရတယ်။
ပညာ ဆိုတာ တန်ဖိုးကို သိတာ ၊ တန်ဖိုးကို ထုဆစ်တတ်တာ ၊ တန်ဖိုးကို အကဲခတ်တတ်တာ
ဓီရာမိုရ် – Interview w/ Kamayut Media
သူ ပြောတဲ့အထဲမှာ ဂျပန်နိုင်ငံက ကလေးတွေရဲ့ အနုပညာကို ချစ်တတ်အောင် ကလေးဘဝကတည်းက ပျိုးထောင်ပေးတဲ့ ပုံစံ နဲ့ မြန်မာနိုင်ငံက အခြေအနေ ကွာခြားချက်တွေလဲ ပါတယ်။ တိုင်းပြည် နိမ့်ပီ ဆိုရင် အစစအရာရာ (ပညာရေး ၊ အားကစား ၊ ဂီတ) ဘာမဆို အကုန် တပြိုင်နက် နိမ့်သွားတယ်လို့ ယူဆမိတာ ပိုမှန်သလို ဖြစ်တယ်။ ဆက်စပ်မေးခွန်းအနေနဲ့ “ဘာကြောင့် ဒီလို ဖြစ်သွားတာလဲ” ၊ “ဖြစ်သွားပြီးတဲ့အခြေအနေမှာ တစ်ကိုယ်စာ အနေနဲ့ ဘယ်လို ရုန်းထွက်မလဲ” ၊ “ကိုယ့်တကိုယ်စာ ရုန်းထွက်ပီးရင် ပတ်ဝန်းကျင်ကိုပါ နိုင်သလောက် ပြောင်းလဲလာအောင် ဘယ်လို လုပ်နိုင်မလဲ” ဆိုတာမျိုး ခေါင်းထဲမှာ တွေးမိတယ်။
ဘာကြောင့် ဒီလိုဖြစ်သွားတာလဲ
စစ်အာဏာရှင် ကြောင့်လို့ အကျဥ်းချုံးပြောလို့ ရပေမယ့် မြန်မာတွေရဲ့ ရှေးကတည်းက ဓလေ့စရိုက် အကျင့်တွေကြောင့်လဲ ဖြစ်နိုင်တယ်။ ဥပမာ – ဆရာဓီရာမိုရ် ပြောတဲ့အထဲမှာ ရှေးခေတ် မြန်မာ့ဂီတ ရဲ့ ပုံစံက နန်းတွင်းဂီတ လိုပဲ ။ ကိုယ့်ဘာသာပဲ အေးအေးဆေးဆေး ခံစားချင်တယ် ဆိုတာမျိုး ပါတယ်။ ဥရောပဂီတ မှာကျ အပြိုင်အဆိုင် စိတ် ၊ ကျော်ကြားလိုစိတ် ၊ တနိုင်ငံပီး တနိုင်ငံ ကိုယ့်ဂီတ က လွှမ်းမိုးစေချင်တဲ့စိတ်တွေ ရှိတယ် လို့ ဆိုတယ်။ အဲဒီမှာ နည်းပညာရေစီးကြောင်း(စက်မှုတော်လှန်ရေး) နဲ့ တိုးပီး အနောက်တိုင်းဂီတက အရှိန်အဟုန်နဲ့ တကမ္ဘာလုံးကို လွှမ်းမိုးနိုင်သလို ဖြစ်သွားတယ်လို့ ဆရာ့အင်တာဗျူးနားထောင်ရင်း ကောက်ချက်ချမိတယ်။ ဗမာ(မြန်မာ)တွေရဲ့ ပညာရပ်ပေါ် ထားတဲ့ သဘောက တမျိုးပဲ။ Research လိုမျိုး ပညာရပ်ကို ဆင့်ကဲ ဆင့်ကဲ ဖွံ့ဖြိုးအောင် လုပ်တာ ၊ အပြန်အလှန် ဖလှယ်တာ အင်မတန်အားနည်းတယ် လို့ မြင်မိတယ်။ (ရှိကောင်း ရှိနိုင်တယ် ၊ ဒါပေမယ့် မြန်မာ့ ရှေးခေတ် ယဥ်ကျေးမှုတွေ ၊ လက်မှုပညာတွေ ဒီဘက်ခေတ်အထိ ဆင့်ကဲ ပြောင်းလဲပီး ကမ္ဘာ့စျေးကွက်ကို ထိုးဖောက်နိုင်စွမ်း အင်မတန်နည်းတယ် ဆိုတာတော့ ငြင်းလို့မရဘူး။)
တကိုယ်စာ ဘယ်လို ရုန်းထွက်မလဲ
ပညာရေး ဆိုတာ နည်းပညာခေတ်မှာ ကိုယ်ပိုင် အားထုတ်မှုပဲ ။ ဘယ် အာဏာရှင်ကမှ ပညာသင်ယူခြင်းကို မပိတ်ပင်နိုင်ဘူး (တနိုင်ငံလုံးရဲ့ အင်တာနက် တစ်ခုလုံးကြီးကို ပိတ်ချလိုက်ရင်တော့ မပြောတတ်ဘူးလေ ၊ ဒါတောင် စာအုပ်တွေ ကျန်ပါဦးမယ်)။ အနည်းဆုံး စစ်အာဏာရှင် ကို ချက်ချင်း မဖြုတ်ချနိုင်ဘူးဆိုရင်တောင် တချိန်မှာ ဖြုတ်ချနိုင်တဲ့ အရည်အချင်းရှိနေအောင် ပညာတတ်နေဖို့ လိုတယ်။ ဒီနေရာမှာ ပညာတတ်ခြင်း ဆိုတာက တက္ကသိုလ်(ကျောင်း) လက်မှတ်ရခြင်း နဲ့ ဘာမှကို မဆိုင်တာ။ မြန်မာနိုင်ငံက စကစတက္ကသိုလ်(ကျောင်း)တွေရဲ့ ပညာရေးကို လက်ခံသင်ယူလိုက်တာကမှတောင် လမ်းမှား၊အယူအဆမှား(အလွတ်ကျက်တဲ့ အခြေအနေ)ကို ရောက်သွားနိုင်တယ်။ ဒါပေမယ့် အပြင်ထွက် ၊ အခြားနိုင်ငံတွေရဲ့ အခြေအနေကို လေ့လာနိုင်ဖို့ အရေးကြီးမယ် လို့ ထင်တယ်။ သံချေးတက်နေတဲ့ ဝန်းကျင်မှာ ဆက်နေရင် ကိုယ်တိုင် သံချေး အနည်းနဲ့အများတက်နိုင်တယ်။ မြန်မာနိုင်ငံမှာ လက်ရှိ အောင်မြင်နေတဲ့သူတွေရဲ့ ဘယ်လောက်ရာခိုင်နှုန်းက နိုင်ငံခြားမှာ ပညာသင်ပီး ဒီပြန်လာပီး အောင်မြင်တယ် ဆိုတာ ဒေတာမရှိလို့သာ အတိအကျ မပြောနိုင်တာ။ ဒေါ်အောင်ဆန်းစုကြည်က အစ – ဆရာဓီရာမိုရ်တောင် ဂျပန်က ပြန်ပီး ပိုရင့်ကျက်လာတယ် ဆိုတာမျိုး အင်တာဗျူးထဲ ထည့်ပြောတယ်။ ဒီတော့ ခေါင်းစီးမေးခွန်းအတွက် အဖြေကတော့ “ပညာရသလောက် သင် ၊ နိုင်ငံခြား ထွက်” ဆိုတာကပဲ အဖြေဖြစ်မယ်ထင်တယ်။
ပတ်ဝန်းကျင်ကို နိုင်သလောက် ဘယ်လို ပြောင်းလဲမလဲ
နိုင်ငံခြားရောက်သွားတဲ့ သူတွေရဲ့ ပြဿနာ က ဘဝမေ့သွားတာပဲ။ ဒါလဲ အကြောင်းရင်း မျိုးစုံ ဖြစ်နိုင်ပါတယ်။ မတူညီတဲ့ ယဥ်ကျေးမှုတွေ၊လူမှုစရိုက်တွေကို ရင်ဆိုင်ရတဲ့အချိန်မှာ ကိုယ့်ပြဿနာတွေနဲ့ပဲ နေ့စဥ် လုံးပန်းနေရတာမျိုး ၊ ပတ်ဝန်းကျင်အသစ်မှာ အသားကျဖို့ ရုန်းကန်ရတာမျိုးတွေ မျိုးစုံပါပဲ။ ထွက်စမှာ “ငါ့နိုင်ငံအတွက်” ဆိုပီး အတွေးရှိကောင်းရှိနိုင်ပေမယ့် ၁၀ နှစ်၊၂၀ နှစ်ကြာတဲ့အထိ ပြန်လာမယ်ဆိုရင်တောင် သောက်သုံးမကျတဲ့ နိုင်ငံကြီး ဆက်ဖြစ်နေဆဲ ၊ အခွင့်အလမ်းကင်းမဲ့တဲ့ နိုင်ငံကြီး ဖြစ်နေဆဲဆိုတော့ ပြန်ဖို့ အခက် ဖြစ်ပြန်ရော။ (ဒါကို NLD ခေတ်မှာ ပြန်လာတဲ့ လူ ၊ မပြန်လာတဲ့လူတွေကို ဒေတာ analysis လုပ်ကြည့်သင့်တာ။ ပြန်လာတဲ့သူတွေတောင် အခု ပြန်ပြေးဖို့ ပြင်ဆင်နေလောက်ပီ >.< ) လူသားတစ်ယောက် ဖြစ်မှတော့ အခြေခံရပိုင်ခွင့်တွေ ခံစားခွင့် ရသင့်တယ်။ မရတဲ့ နိုင်ငံကို ပြန်မလာဘူးဆိုတာလဲ သူ့ရွေးချယ်မှု ပဲ ။ ဒါကို အပြည့်အဝ နားလည်ပေးရမယ်။ ကိုယ်တိုင်လဲ အမြဲ အဲဒီ ၂ ခု ကြား (လူသားရပိုင်ခွင့် vs ငါ့နိုင်ငံကြီးအတွက်) အမြဲ ပြဿနာ တက်တယ်။ အနည်းဆုံးတော့ မြန်မာနိုင်ငံမှာ ဆက်နေရဦးမယ့် မျိုးဆက်သစ်တွေကို ဒီပြဿနာတွေအကြောင်း ကြိုပြောပြခဲ့နိုင်တာမျိုးလောက်တော့ ဖြစ်ချင်တယ်။ (ဒါကြောင့်လဲ ဒီလို စာအရှည်ကြီးတွေ ရေးနေမိတာ ၊ ဖတ်သူ မရှိရင်တောင် တချိန်ချိန် ကိုယ့်အတွေးတွေ ပြန်ဖတ်ပီး သုံးသပ်ဖို့။)
သာမန်ဘဝ
ပတ်ဝန်းကျင်ကို ပြောင်းလဲချင်တဲ့လူတစ်ယောက် ရဲ့ ပြဿနာက ကိုယ့် ပြောင်းလဲနည်းလမ်းတွေကို ပတ်ဝန်းကျင်က အသိအမှတ်ပြုစေချင်တာ။ အဲဒီပြဿနာက တော်တော့်ကို သိမ်မွေ့တယ်။ ပြဿနာရဲ့ အမြင့်ဆုံး အဆင့်က အသိအမှတ်ပြုစေချင်တာကနေ နာမည်ကြီးချင်တာ/အောင်မြင်ချင်တာ/လူသိများချင်တာ ဆိုတာမျိုးအထိ ဖြစ်သွားတာပဲ။ (သာဓက အနေနဲ့ နွေဦးတော်လှန်ရေးထဲက လူတချို့ကို ကြည့်နိုင်တယ်။ အခြားသူ မကြည့်ပဲ ကိုယ့်ဘာသာ ပြန်ကြည့်ရင်လဲ မြင်နိုင်တယ် ?) အဲဒီအတွက် ဆရာဓီရာမိုရ် ရဲ့ သဘောထားတစ်ခုကို အတုယူဖို့ ကောင်းတယ်။ သူ ပြောတာက သူ ဖန်တီးလိုက်တဲ့ “ဂီတက သူ့ဘာသာသူ ရှင်သန်ဖို့ ရုန်းကန်နိုင်ရမယ်”၊ ဒါကို တကူးတက promote လုပ်စရာ မလိုဘူး။ သူ့အနေနဲ့ မလုပ်ဘူး ဆိုတာမျိုး ပြောတယ်။ ပညာရှင်လမ်းကို လိုက်မှာဖြစ်တဲ့အတွက် ဖြည်းဖြည်းပဲ သွားတယ်။ တခုချင်းဆီကို မှန်မှန်ကန်ကန် လုပ်သွားတယ် လို့ ပြောတယ်။ အဲဒီစကားက ဘယ် profession လမ်းကြောင်းမှာမဆို ယူသုံးလို့ ရတာပဲ။ ကျွန်တော်ဆိုရင် project တစ်ခု သိတိုင်း လူသုံးများအောင် ဘယ်လို လုပ်မလဲ ဆိုတာမျိုး အမြဲ စဥ်းစားမိတယ်။ အဲဒါကို ဖျောက်ရမယ်။
ကိုယ့်ပရောဂျက်က သူ့ဘာသာသူ ရှင်သန်နိုင်စွမ်း ရှိရမယ်။
You must be logged in to post a comment.