ဖုန်းမော်နေ့ (မတ်လ ၁၃) + မတ်လ ၁၄ ရက်နေ့ ၂ ရက်ထဲနဲ့ကို လူရာဂဏန်းနီးပါး ပစ်သတ်ခံလိုက်ရတယ်။ ၁၃ ရက်နေ့ – မန္တလေး အထိနာ။ ၁၄ ရက်နေ့ – လှိုင်သာယာ၊သင်္ကန်းကျွန်း၊ရွှေပြည်သာ။

March 15 – 3:30 PM

ဆုံးရှုံးမှုတွေထဲမှာ အိမ်ထောင်ဦးစီးတွေ၊မိခင်တွေ၊တဦးတည်းသော သား၊သမီးတွေ၊မိဘကိုလုပ်ကျွေးနေသူတွေ၊တက္ကသိုလ်ကျောင်းသားတွေ ပါဝင်နေပါတယ်။ ကျဆုံးမှုတွေမြင်တိုင်း ကိုယ့်မှာ အပြစ်မကင်းသလို အကြိမ်ကြိမ်ခံစားရတယ်။ သူရဲကောင်းတွေနဲ့ နှိုင်းယှဥ်ရင် ဒီနိုင်ငံအတွက် ငါ ဘာပြန်လုပ်ပေးပီးပီလဲ ဆိုတဲ့ အတွေး ။ မောင်ဒေးရဲ့ ဘာသာပြန်ကဗျာကိုလဲ အကြိမ်ကြိမ် ပြန်ဖတ်မိတယ်။

မသေသေးတဲ့ ငါ

ငြိမ်းချမ်းစွာ ဆန္ဒပြနေတဲ့သူတွေကို ဘယ်လိုမကောင်းဆိုးရွားစိတ်မျိုးနဲ့ အကြမ်းဖက်ရက်တတ်တာလဲ? ရန်ကုန်မြို့က ဒီအတိုင်း ငြိမ်ခံနေတော့မှာလား? စစ်တလင်းဖြစ်ခဲ့ရင်ရော ဘာလုပ်ပေးနိုင်မလဲ? ဒါကြီးက ဘယ်လိုပြီးဆုံးသွားမှာလဲ? အနိုင်နဲ့ ပြီးဆုံးနိုင်စေချင်ပေမယ့် အခုတောင် ကိုယ့်ဘက်က ရင်းနှီးပေးရတဲ့ အသက်တွေ များလှပါပီ။ Hacksaw Ridge ထဲက မင်းသား ပြောတဲ့ ခြေပချက်ကို အခုချိန် တကယ်ခံစားတတ်လာတယ်။

(စစ်ပွဲကာလအတွင်းမှာ) ကျနော်တို့ မြို့မှာ လူနှစ်ယောက်ရှိတယ်။ အလုပ်မရှိလို့ သူတို့ကိုယ် သူတို့ သတ်သေသွားတယ်။

အစက ဒီအဓိပ္ပါယ်ကို နားမလည်ခဲ့ဘူး ။ ဒီလူတွေ ရရာ အလုပ် ရှာလုပ်လို့ ရပါလျက်နဲ့ ဘာလို့ စိတ်ဓါတ်ကျရတာလဲပေါ့ ။ ဒါပေမယ့် တကယ့် စစ်ပွဲ ရင်ဆိုင်နေရချိန်မှာ ကိုယ်က ပတ်ဝန်းကျင်အတွက် အသုံးမဝင်တဲ့ သူတစ်ယောက်လို ခံစားချက်ကို အခုမှ နားလည်တတ်ခဲ့တာ။ လကုန်ရင်ရမယ့် လစာအတွက် တရက်တာအလုပ်လုပ်နေရပေမယ့် စိတ်ထဲမှာ ဟာလာဟင်းလင်း။ ငါ အခု ဘာလုပ်နေတာလဲ လို့လဲ အကြိမ်ကြိမ်တွေးမိတယ်။

https://www.facebook.com/soe.moe.3152/videos/10159048053782488/

လရောင်ချော့တေး ဆိုတဲ့ သီချင်း ။ ညသပိတ်တစ်ခုက Live video။ အကြိမ်ကြိမ် ကြည့်ပီး ဆုံးရှုံးသွားတဲ့ မိသားစုတွေရဲ့ ကိုယ်စား နာကြင်မိတယ်။ တကယ်လို့သာ …. ကိုယ့်သွေးသားထဲကသာ …. ဆိုတဲ့ အတွေးမျိုးတွေလဲ ဝင်တယ်။ ဒီလို ဆုံးရှုံးရခြင်းတွေ ဘယ်သူတွေမှ ထပ်မကြုံစေချင်တော့တာပါ။ ဘာလက်နက်မှ မရှိတဲ့သူတွေကို ဘယ်လို စိတ်မျိုးနဲ့များ သေနတ်မောင်း ဖြုတ်ရဲရတာလဲ။ ၈၈ အကြောင်းတွေ စာအုပ်တွေထဲ ဖတ်ခဲ့တုန်းကထက် လက်တွေ့ကြုံလိုက်ရမှ တကယ် ရက်စက်ကြမ်းကြုတ်မှန်း ခါးခါးသီးသီး လက်ခံရတော့တယ်။

ကမ္ဘာမြေပေါ်မှာ လူ-လူချင်း အငြိုးအတေးမရှိ ၊ ဆင်ခြင်တုံတရားမရှိ သတ်ရဲတဲ့ သတ္တဝါတွေ ဘယ်လောက်များများ ရှိနေမလဲ? ဒီလို သတ္တဝါတွေအတွက်ရော ကမ္ဘာမြေ က ဘာပြစ်ဒဏ်မှ မပေးတော့ဘူးလား။ ဗုဒ္ဓဘာသာဝင်တစ်ယောက်အနေနဲ့ ကံ-ကံရဲ့ အကြောင်းတရားကိုတောင် မယုံကြည်ချင်တော့ဘူး။

ဘုရားသခင် … အပြစ်မရှိတဲ့ အသက်တွေ များစွာ စတေးနေရပါပီ။ ဘယ်တော့များမှ အပြစ်လုပ်သူတွေဆီ ပြစ်ဒဏ်ကျမှာလဲ။ မိုးလင်းကတည်းက အဲဒီ မအလ တွေကို ကျိန်စာတိုက်နေရတာ မိုးချုပ်ပီး အိပ်ရာဝင်တဲ့အထိတောင် မပြီးဆုံးနိုင်ဘူး။ ညသန်းခေါင် – အင်တာနက် ဖြတ်ထားချိန်မှာမှ အိမ်တွေထဲ ဝင်ဆွဲလို့ ဆွဲ ၊ နေ့ခင်းကြောင်တောင်လဲ စတိုးဆိုင်တွေ ၊ ပြည်သူပိုင် ပစ္စည်းတွေကို ပေါ်တင်ခိုးလို့ခိုး။ ဒီရက်ဆိုးတွေ ကုန်ဆုံးစေချင်ပီ ။

ဗုဒ္ဓသာ သက်တော်ထင်ရှား ရှိနေသေးရင် …
မဟတ္တမ ဂန္ဒီကြီးသာ ကျွန်တော်တို့နဲ့ အတူရှိရင် …

အရေးတော်ပုံ မုချ အောင်ရမည်။

Categories: Fuck the Coup!