in Fuck the Coup!

မလွတ်မြောက်ခြင်းမှတ်တမ်း (ဇွန်လ ၂၁ ရက်နေ့)

ဒီနေ့ ကိုထွန်းအောင်ကျော် ရေးတဲ့ ABSDF သမိုင်းကြောင်းစာအုပ် ဖတ်ဖြစ်တယ်။ အစပိုင်းမှာတင် တရားကျတာ။ ဗဟိုကော်မတီ မဖြစ်ခင်ကို အချင်းချင်း ကွဲပြဲနေကြလို့ ။ အချင်းချင်း ချောက်ချတာတွေ ၊ မနာလို ဖြစ်တာတွေ ၊ လက်နက်ကိုင်နိုင်သွားတာနဲ့ နိုင့်ထက်စီးနင်းဖြစ်တာတွေ ကြားထဲမှာ အဲဒီခေတ် စစ်အစိုးရ က အလွယ်တကူ ဝါဒမှိုင်းတိုက်ပြီး ဖျက်စီးနိုင်ခဲ့တယ်။ အခုခေတ် ၂၀၂၁ မှာရော – ဒါမျိုး ထပ်ဖြစ်မှာကို စိုးရိမ်တယ်။ အသက်ပေါင်းများစွာ စတေးပေးခဲ့ရတဲ့ သမိုင်းကနေ ကျွန်တော်တို့တတွေ ပြန်မသင်ယူနိုင်ဘူးဆိုရင် ကျွန်တော်တို့လောက် အ,တဲ့ လူမျိုး ရှိတော့မှာ မဟုတ်ဘူး။

ဒီနေ့ မုံရွာမြို့လယ်ခေါင်မှာ ဆန္ဒပြမှု ပြန်ဖြစ်တယ်။ လူငယ်တွေကတော့ သွေးမအေးသေးဘူး ဆိုတာ သေချာတာပေါ့။ ဒီစာရေးနေတုန်းမှာပဲ ကိုဆောင်းခ ရေးတဲ့ ‘ဗမာလူငယ်တွေ ဘာလုပ်ရမလဲ‘ ဆိုတဲ့ ဆောင်းပါး ဖတ်လိုက်ရတယ်။ ဗမာဖက်ဆစ်စစ်တပ် ကလဲ ရွာတွေဝင် ၊ ဖျက်စီး ၊ လူသတ် ၊ ပစ္စည်းယူ – ဆက်တိုက်လုပ်နေတယ်။ ကင်းမရွာ ရွာလုံးကျွတ်နီးပါး မီးလောင်တိုက်သွင်းခံခဲ့ရတယ်။ တနေ့က ဒေါ်အောင်ဆန်းစုကြည် မွေးနေ့မှာတော့ ပန်းသပိတ် တစ်နိုင်ငံလုံးနီးပါး (နိုင်ငံတကာ ကပါ) လုပ်ကြတယ်။ တချို့က ဒေါ်အောင်ဆန်းစုကြည် ရဲ့ အခန်းဂဏ္ဍ ကို ဝေဖန်နေကြတာလဲ တွေ့သလို တချို့ (ကျောင်းသားခေါင်းဆောင်တွေတချို့ အပါအဝင်) ဒေါ်အောင်ဆန်းစုကြည် မွေးနေ့အတွက် ပါဝင်ဖို့ တိုက်တွန်းနေကြတာလဲ တွေ့တယ်။ ဒါပေမယ့် တကိုယ်ရေဆန္ဒ အရတော့ ဒီနွေဦးတော်လှန်ရေး အပြီးမှာတော့ ဒေါ်အောင်ဆန်းစုကြည် မပါတဲ့ နိုင်ငံရေးမျိုး ဖြစ်တာ ပိုသင့်တော်မယ်လို့ ခံစားနေရတယ်။ တဖက်က ကြည့်ပြန်ရင်လဲ ဗမာဖက်ဆစ်စစ်တပ် ကို အမြစ်ဖြုတ်နိုင်ခဲ့ရင်တောင် တိုင်းရင်းသားလက်နက်ကိုင်အင်အားစုတွေက ကျန်ရှိနေဦးမှာဆိုတော့ ဒီလက်နက်ကိုင်တွေကိုရော ဒေါ်အောင်ဆန်းစုကြည်မဟုတ်တဲ့ သူတစ်ယောက်ယောက်က စေ့စပ်နိုင်စွမ်းရှိပါ့မလား။ ဒါကိုလဲ သံသယ ဖြစ်မိတယ်။ အခု ဒီစာ ရေးနေတုန်းမှာ ဖေ့ဘုတ်ပိုစ့် တစ်ခုအောက်မှာ ဒေါ်စု မှားတယ်/မမှားဘူး အငြင်းအခုန် cmt တွေ ဖတ်နေရတယ်။ တစ်ကိုယ်ရေ အမြင်အရ ဆိုရင် ၂ ဖက်စလုံး မှန်တယ်။ ဒါပေမယ့် နွေဦးတော်လှန်ရေး နိုင်တဲ့အထိ ဖြစ်မှ NLD ၅ နှစ် တာဝန်ယူခဲ့တဲ့အနေအထားကို ထည့်တွက်ပြီး ၅၀-၅၀ မှန်တယ်လို့ ထောက်ခံနိုင်မယ်။ စိတ်ထဲက လက်ခံလို့ မရတဲ့ အမှားက ဒေါ်အောင်ဆန်းစုကြည် ကို ဘယ်သူမှ ဝေဖန်ခွင့် ၊ ထောက်ပြခွင့် မရှိတဲ့ အခြေအနေ တစ်ခုပဲ ။ ဗိုလ်ချုပ်အောင်ဆန်းကလဲ စင်းလုံးချော အနေနဲ့ သေသွားခဲ့ပြီးပြီ ။ ဒေါ်အောင်ဆန်းစုကြည်ကိုလဲ အဲဒီ ပုံစံအတိုင်း ဗမာပြည်သူတွေက ဖန်တီးနေတာ။ မြတ်စွာဘုရားတောင်မှ ငါ ဘုရားဟောတဲ့တရားတိုင်း မယုံနဲ့ လို့ မှာခဲ့သေးတာ မဟုတ်ဘူးလား။

မနေ့ သတင်းမှာ ကလေးမြို့က မိသားစု (၄ယောက်) ကို ညဘက် ဝင်သတ်ပြီး ပစ္စည်းတွေ ကားနဲ့သယ်ယူသွားတဲ့ အကြောင်းပါတယ်။ စိတ်မကောင်းစရာက သေသွားတဲ့အထဲက ကလေးက ရင်းနှီးခဲ့ရတဲ့ ဘုန်းတော်ကြီးသင်ပညာရေးကျောင်းက ကျောင်းသား တဲ့ ။ ဒီမတရားမှုတွေ ရပ်သွားအောင် ငါတို့ ဘာလုပ်ပေးနိုင်မလဲ လို့ အမြဲတွေးမိတယ်။ အသက်ရှင်နေရတာကို လိပ်ပြာလုံစရာမကောင်းတဲ့ အချိန်တွေပါ။

COVID နဲ့ သေဆုံးလူနာတွေ ရာဂဏန်း ပြန်ရှိလာတယ် ဆိုပီး စကစ လက်အောက်ခံ ကျန်းမာရေးဌာနထုတ်ပြန်ချက်တွေ တွေ့တယ်။ ဒါပေမယ့်လေ COVID နဲ့ သေသွားတာမှ သက်သာပါလိမ့်ဦးမယ်။ စကစ အဖမ်းခံ ၊ အနှိပ်စက်ခံပြီး သေသွားရတဲ့ ဘဝတွေ ဘယ်လောက်များ ဆိုးရွားလိမ့်မလဲ။ ဇာတ်တူသား စားမိသွားတဲ့ ဘီလူးတွေလို သူတို့ အာဏာ မရမချင်း ရပ်တန့်တော့မယ့် သူတွေ မဟုတ်ဘူး။

မြန်မာနိုင်ငံ ရဲ့ ဝဋ်ကြွေးတစ်ခုက အိမ်နီးနားချင်းကောင်း တွေ ရှိမနေခဲ့ဘူး ။ အကျိုးလို ညောင်ရေလောင်း ၊ ဘနဖူး သိုက်တူးမယ့် ကောင်တွေချည်းပဲ။ ပညာတတ်မှ ရလိမ့်မယ်။ နောင် ၁၀ နှစ် မှာ တိုင်းပြည် ဘာဖြစ်နေမလဲ လို့ တွေးချင်ပေမယ့် မတွေးသင့်တော့ဘူး ။ နောင် ၁၀ နှစ် မှာ ကိုယ်ကိုယ်တိုင်ပဲ ဘာဖြစ်နေမလဲ ? ပတ်ဝန်းကျင်အတွက် ဘာပြန်လုပ်ပေးနိုင်မလဲ ဆိုတာပဲ တွေးသင့်နေပြီ ။

ဒီနေ့လဲ မိုးရွာတယ်။ တောထဲ၊တောင်ထဲ ရောက်နေတဲ့ ပြည်သူတွေ ၊ အကျဥ်းထောင်ထဲ ရောက်နေတဲ့ သူငယ်ချင်းတွေ ဘယ်လိုနေနေကြလိမ့်မလဲ ။