ဒီနေ့ အိမ်သစ် ပြောင်းတယ်။ ငှားနေခဲ့ရတဲ့ အိမ်ဆိုပေမယ့် ၂ နှစ်ကျော်လောက်ဆိုတော့ တိုက်ခန်းအဟောင်းလေးကို သတိရမိသား။ ဒီတိုက်ခန်းထဲမှာ COVID ကပ်ဆိုး ဖြတ်ကျော်ခဲ့ရတာ။ စစ်ခွေးတွေရဲ့ အာဏာသိမ်းတဲ့ အချိန်ကာလ ကြုံတွေ့ခဲ့ရတာ။ လမ်းထဲက လူ များများစားစား မသိပေမယ့် အာဏာသိမ်းပြီး နောက်ပိုင်း လမ်းလုံခြုံရေးအတွက် ညလုံးပေါက် ကင်းစောင့်ရတဲ့ ညတွေကြောင့် တချို့အစ်ကိုတွေနဲ့ သိကျွမ်းခဲ့တယ်။ သံပုံးတွေ ပိန်ချုံ့နေအောင် တီးခဲ့ဖူးတယ်။ လမ်းထိပ်က တန်ဖိုးနည်း အသုပ်ဆိုင်လေးကို သတိရမိတယ်။

ဒီကာလတွေကို အသက်ရှင်လျက်ဖြတ်သန်းရတာကိုက ကိုယ့်ကုသိုလ်ကံလား၊ သူရဲဘောကြောင်မှုတွေလား လို့ စဥ်းစားမိတယ်။ ဒီနေ့တင် အင်းလျားကန်ဘောင်ဘက်မှာ ကုန်းကျော်တံတားပေါ် စာတမ်းချိတ်ဖို့ ကြိုးစားတဲ့ လူငယ်တွေထဲက တစ်ယောက် သေနတ်နဲ့ အပစ်ခံရပီး ကျဆုံးကြောင်း ဖတ်ရတယ်။ တချို့လူတွေ အတိုင်းထက် အလွန် စွန့်လွတ်နေရချိန်မှာ တချို့လူတွေကတော့ သာသာယာယာ မင်္ဂလာဆောင်နေကြတာ ရွံစရာပဲ။

နယ်ဘက်တွေက စစ်မီးက ကူးလာပီ။ ရွာလုံးကျွတ်မီးရှို့တာတွေ ခပ်စိတ်စိတ် ကြားရသလို ညဘက် စစ်ခွေးတွေက အနုကြမ်းစီး ဧည့်စာရင်းစစ် ပိုက်ဆံတောင်း ဓါးပြတိုက်တဲ့ သတင်းတွေလဲ မကြားချင် အဆုံးပဲ။ တိုင်းရင်းသား ဒေသတွေမှာ ခံစားရသမျှ ဗမာလူထု အခုမှ အရှင်လတ်လတ် ခံစားဖူးတော့တာပဲ။ စစ်ဖြစ်ပီဆိုရင်တော့ အနည်းဆုံး ၂ နှစ် ၊ ၃ နှစ် ကြာမယ် ထင်တယ်။ အနာဂါတ် ကို ကြိုမတွေးတာ အခုချိန် အကောင်းဆုံးပဲ။

ဒီရက်ပိုင်း ပြောင်းတာရွေ့တာကြောင့်ရော ၊ နောက်ပီး COVID positive တစ်ယောက်နဲ့ ထိတွေ့မှု ရှိတာရောနဲ့ ဒီနေ့ စဖျားတယ်။ ကိုယ်အပူအရမ်းမတက်ပေမယ့် ခေါင်းမူးတာ ၊ ညောင်းကိုက်တာ ၊ ချောင်းဆိုးတာ ၊ လည်ချောင်းနာတာတွေ ဖြစ်နေပြီ။ လုပ်စရာအလုပ်တွေလဲ ရှိသေးတယ်။ အာရုံစိုက်နိုင်ဖို့ ကြိုးစားရမှာပဲ။

အလိုမရှိ သီချင်း ပြန်နားထောင်ဖြစ်တယ်။

Categories: Fuck the Coup!