in Fuck the Coup!

မလွတ်မြောက်ခြင်း မှတ်တမ်း (၁၉ ရက်နေ့)

၂၀၂၁၊ဖေဖော်ဝါရီ(၁)ရက်နေ့ ဗမာစစ်တပ်က အာဏာသိမ်းတယ်။ အဲဒီနေ့ရက်ကတည်းက မနက်ဖြန် ဆိုတာ မရှိတော့တာပဲ။ နေ့တိုင်း နေ့တိုင်းက စိုးရိမ်ပူပန်မှုတွေ၊သတင်းမှားတွေ၊ အကြမ်းဖက် ဖြိုခွင်းမှုတွေ၊မလုံခြုံမှုတွေ၊အခွင့်အရေးဆုံးရှုံးမှုတွေ ပြည့်နှက်နေတာ။တနေ့ တနေ့ ကိုယ် ဘာတွေ လုပ်နေမိမှန်းကို မသိတော့ဘူး။ ည(၈) နာရီ သံပုံးတီးနေရတဲ့ တစ်ချိန်ပဲ စိတ်ထွက်ပေါက် ရတယ်။ရေရှည် ဒီအတိုင်းသွားနေရင် အနုစားစိတ်ရောဂါ ရမယ် ထင်တယ်။ ဂန္ဒီပြောတဲ့ စကားတစ်ခွန်းဖတ်လိုက်ရတယ်။ “စစ်လက်နက်တွေက ကျနော်တို့ ခန္ဓာကိုယ်ကိုပဲ သိမ်းနိုင်မယ်။ကျနော်တို့ရဲ့ စိတ်ဓါတ်တွေကိုတော့ မဖျက်စီးနိုင်ပါဘူး” တဲ့ ။ ဒီစကားအတိုင်းသာဆို နေ့ရက်တိုင်းမှာ စိတ်ညစ်ညူးနေလို့ မဖြစ်ဘူး။ နေ့တိုင်း ကျနော်တို့ ပူလောင်နေရရင် မသိစိတ်က အရှုံးပေးသလို ဖြစ်သွားလိမ့်မယ်။ ဒါကြောင့် ကိုယ့်ကိုယ်ကို ပြန်အားပေးဖို့ရယ်၊စိတ်ရှင်းဖို့ရယ် ဒီစာတွေကို ချရေးဖြစ်ပါတယ်။

သီချင်းများ

ဒီ ဖေဖော်ဝါရီတော်လှန်ရေး တဝက်အကျိုးမှာ လူငယ်တွေထဲက တော်လှန်ရေးသီချင်းအသစ်တွေ ထွက်လာတယ်။ ကိုယ် နားမထောင်ရသေးတဲ့ သီချင်းတွေလဲ ကျန်ဦးမယ်။ နားထောင်မိသမျှထဲမှာ ကိုယ် အကြိုက်ဆုံး (နားထောင်မိရင် စိတ်ဓါတ်တက်ကြွတယ်လို့ ခံစားရတဲ့) သီချင်းတွေကို List လုပ်ထားတယ်။

၁။ Zwe Thet Paing ဆိုတဲ့ Revolution Rap verse – သီချင်းတိုပေမယ့် စာသားတွေ ထိတယ်။ ဒါကြောင့် ကြိုက်တယ်။

၂။ အလိုမရှိ ဆိုတဲ့ သီချင်း ။ သီချင်းအဖွင့်ထဲကကို သံပုံးတီးသံတွေနဲ့ စထားတာ။ နားထောင်နေရင်း စည်းလုံးလာတယ် လို့ ခံစားရတယ်။ အမေစု ကို ရည်ရွယ်ဆိုတဲ့ စကားလုံး ပါတော့ လူတိုင်းအတွက်တော့ အံကိုက်မယ့် သီချင်း ဖြစ်မနေဘူး ထင်တယ်။ ဒါပေမယ့် လက်တလောမှာတော့ Motivational song ဆန်တာက ဒီတစ်ပုဒ်ထဲ ရှိတယ်လို့ ခံစားရတယ်။ သွေးသစ္စာ တို့ဘာတို့ကျ အရင်ရှုံးခဲ့တဲ့ တိုက်ပွဲက သီချင်းတွေဆိုတော့ ဆိုသာဆိုနေရတယ် ။ အားသိပ်မရှိဘူး။ ဒါကြောင့် ဒီ ‘အလိုမရှိ’ သီချင်းကိုတော့ တော်တော်ကြိုက်နေတယ်။ သီချင်းစာသားပါ အမှတ်တရ တွဲတင်ထားလိုက်မယ်။

၃။ Revolution song – ဒီသီချင်းက လမ်းမပေါ်မှာ သံစုံတီးဝိုင်းနဲ့ ဆိုတာကနေ ပိုကြိုက်လာတာ။ တနေ့နေ့မှာ ဓီရာမိုရ် ရဲ့ တီးဝိုင်းကြီးနဲ့အတူ အမျိုးသားကဇာတ်ရုံလိုမျိုးမှာ ဒီသီချင်းကို အောင်မြင်ခြင်းအထိမ်းအမှတ် ပြန်နားထောင်ချင်တယ်။ အာဏာရှင်စနစ် မုချ အဆုံးသတ်ရမည်။

ပတ်ဝန်းကျင်

၅၂ လမ်းထဲမှာ နေလာတာ တစ်နှစ်နီးပါး ရှိတော့မယ်။ ကိုယ့်တိုက်က တချို့လူတွေနဲ့တော့ စကားပြောဖူးတယ်။ ဒါပေမယ့် ပတ်ဝန်းကျင် က အခြားသူတွေနဲ့တော့ မရင်းနှီးခဲ့ဘူး။ ရန်ကုန်ရဲ့ အလေ့အထ နဲ့ အလုပ်အခြေအနေအရလဲ ဖြစ်မယ်။ ဒါပေမယ့် မနေ့ညကတော့ ဒီလမ်းအတွက် ပထမဆုံး ကင်းစောင့်ဖူးတာ။ ည ၉ နာရီ ကနေ မနက် ၅ နာရီ အထိ ။ အဲဒီမှာမှ ကိုယ် မမြင်ဖူးသေးတဲ့သူတွေကို မြင်ဖူး၊စကားပြောဖူးတော့တာ။ တိုက်နံပါတ်၊အလွှာ ပြောပီး မိတ်ဆက်တော့ ညဘက် ကြွေးကြော်သံတွေ အော်ရင် မင်းတို့ အသံက အောင်တာပဲ ဆိုပီး ပြောလို့ ပြုံးရသေး။ ရပ်ကွက်ရဲ့ ထောက်ပံ့မှုက တော်တော် ပြည့်စုံပါတယ်။ ကော်ဖီပူ၊ကော်ဖီအေး၊မုန့်၊လက်ဖက် အပြည့်အစုံပဲ။ ကင်းစောင့်ရင်းနဲ့မှ သိတာက လမ်းထိပ်အဆောက်အဦးက ဦးပိုင် က ပိုင်တာတဲ့။ ဒါကြောင့် အဲဒီထိပ်မှာ ရဲတွေကို စဖြစ်တဲ့ နေ့ကတည်းက အစောင့်လာချထားတာကိုး။ ပုဂ္ဂလိကအကျိုးစီးပွားအတွက် နိုင်ငံ့ဝန်ထမ်းတွေကို အသုံးချနေတာကို ရင်နာတယ်။ တလွဲအမိန့်တွေက လိုက်နာနေတဲ့သူကလဲ လိုက်နာနေတာကိုး။ ကင်းစောင့်ရတာတော့ ချောချောမွေ့မွေ့ပါပဲ။ အခြားလမ်းတွေလဲ အသီးသီးကင်းစောင့်ကြတာတွေ့တယ်။ မလုံခြုံမှုအောက်မှာ ဘယ်လောက်ကြာရှည်နေရမလဲ။ ကျနော်တို့ တိုင်းရင်းသားတွေကို ကိုယ်ချင်းစာပါတယ် ဆိုတာက စကားလုံးနဲ့တင် မလုံလောက်တော့ဘူးရယ်။

ရပ်ကွက်က ကျွေးတဲ့ လက်ဖက်၊စားစရာအစုံ နဲ့ ကော်ဖီ၊ရေနွေး – ဖေဖော်ဝါရီ ၁၈ ည

အဖြစ်အပျက်များ

ကိုယ့်လမ်းထဲမှာသာ တစ်ညတာ လုံခြုံလိုက်ပေမယ့် တနေကုန် အွန်လိုင်းပေါ်ကတဆင့် ကချင်ပြည်နယ် ၊ မြစ်ကြီးနားဘက်က သတင်းတွေ၊ဓါတ်ပုံတွေ မြင်နေ၊ကြားနေရတယ်။ မန္တလေး မီးရထားဝန်း ညဘက် စစ်တပ်+ရဲ အနုကြမ်းစီးမှုအကြောင်းကို ရဲမှုးကြီး ဆိုတဲ့ တစ်ကောင်ကို RFA က အင်တာဗျူးတာ နားထောင်လိုက်ရတယ်။ တင်းမာ ရိုင်းစိုင်းတဲ့ ဖြေဆိုပုံကြောင့် ရုပ်မမြင်ရတာတောင် အဆင့်အတန်းကို ခွဲခြားသိနိုင်တယ်ရယ်။ ဒီ အတ္တကောင်တွေ၊အဓမ္မကောင်တွေကို ကျနော်တို့တတွေ စာရင်းမသွင်းဖို့ လိုမယ် ။ လူစစ်စစ်တွေ အပြင် Fake Account တွေ အပါအဝင်။ ဒီရက်ပိုင်း Page တွေအောက်က comment တွေ၊ ဘောမကောင်တွေရဲ့ စတေးတပ် ပိုစ့်တွေကို ဝေးဝေးက ရှောင်တယ်။ မြင်တာနဲ့ မဖတ်ပဲ Report ခလုတ်နှိပ်တာပဲ။

စာရေးရင်းတောင် စိတ်မလွတ်လပ်ပြန်တော့ဘူး။ ရေးစရာအကြောင်းကလဲ အနိဌာရုံဆန်တာ များနေမလား။ ဒီနေ့ နားထောင်လိုက်ရတဲ့ Mental Health – Stress နဲ့ ဆိုင်တဲ့ webinar တစ်ခုမှာ လူ့ဦးနှောက်က ‘အောင်မြင်မှု’ ထက် ‘ဆိုးရွားမှု’ဘက်ကို ပိုတွေးတတ်တယ်တဲ့။ ဖြစ်နိုင်မယ်။ NASA က မြန်မာလူမျိုး ဒေါ်မီမီအောင် ဦးဆောင်တဲ့ ပရောဂျက် – Mars ဂြိုလ်ပေါ်ကို Rover နဲ့အတူ Helicopter ကိုပါ ထည့်ပီး လေ့လာတဲ့ ပရောဂျက်က ဒီနေ့ ၁၉ ရက်နေ့ မနက်ပိုင်းမှာပဲ အောင်အောင်မြင်မြင် ပြုလုပ်နိုင်တယ်လို့ တွေ့လိုက်တယ်။ စိတ်ထဲမှာ ဝမ်းသာတာအပြင် ပညာရှင်တစ်ယောက်အနေနဲ့ အောင်မြင်နိုင်ဖို့ဆိုရင် ဒီနိုင်ငံကနေ အဝေးဆုံးကို ထွက်ပြေးဖို့ လိုသလား ဆိုတဲ့ အတွေးပါ။ အတ္တ နဲ့ သံယောဇဥ်ကြားမှာ ဝေခွဲရခက်တယ်။ လူသားဆိုတဲ့ ဖြစ်တည်မှုဆိုတာနဲ့ စဥ်းစားရင်ကျ ကိုယ်တတ်ကျွမ်းတဲ့ ပညာနဲ့ အကောင်းဆုံး အသုံးချခွင့်ရတဲ့နေရာတစ်ခုကို ရောက်ချင်မှာပဲ။ နိုင်ငံသား ဆိုတဲ့ ဖြစ်တည်မှုမှာကျ ကိုယ် မွေးဖွားခဲ့တဲ့ မြေ ၊ ကိုယ့်ဆွေမျိုးတွေ ရှိနေတဲ့ နေရာ ၊ ယဥ်ကျေးမှု အမွေအနှစ်တွေ – ဒါတွေက ပစ်ထားကောင်းသလားပေါ့။ မြေမြိုလို့ လူမျိုးမပျောက်ဘူး ။ အာဏာရှင်မြိုမှ လူမျိုး+နိုင်ငံ အားလုံးပျောက်တော့မှာ။

ည(၁) နာရီကနေ မနက်(၉) နာရီအထိ အင်တာနက်ပိတ်တာ ဒီနေ့ဆို ၅ ရက်မြောက်တော့မယ်။ ပေါ်လီယာနာ ဆိုရင်တော့ စောစောအိပ်ချိန်ပေးတဲ့အတွက် နောက်တစ်ရက် အင်အားအပြည့် ဆန္ဒပြလို့ ရတာပေါ့ လို့များ အကောင်းမြင်စိတ်နဲ့တွေးမလား။ ဒါလဲ မလွယ်ပါဘူး။ သေချာတယ်။ ပေါ်လီယာနာ သာ မြန်မာပြည် က ဇာတ်ကောင်ဖြစ်ရင် သွေးတိုး၊နှလုံးရောဂါ ဖြစ်ပီး ဇာတ်လမ်းဆုံးမှာပဲ။ အခု ည(၁၁) ထိုးပီ ။ တနေဝင်သွားပေမယ့် ကျနော်တို့တွေအတွက်တော့ မပီးဆုံးတဲ့ ဆက်တိုက် အိပ်မက်ရှည်ကြီး လိုပဲ။ အရေးတော်ပုံ အောင်မြင်ပါစေ။