in Monograph

ရှာဖွေတွေ့ရှိခြင်း (ဧပြီ ၈) : I’m Over-Explainer

ငလျင်အပြီးမှာ စိတ်ကယောက်ကယက် ပိုဖြစ်လာတာနဲ့အတူ ကိုယ့်ကိုယ်ကို ပြန်သုံးသပ်မိတာတွေ များလာတယ်။ အဲဒီအထဲမှာမှ ဒီနေ့ သင်ယူလိုက်ရတာတစ်ခုကတော့ ကျနော်က Over-Explainer တစ်ယောက် ဖြစ်နေတာဆိုတာပါ။ မြန်မာလို ဆိုရင်တော့ “လိုရင်း မရောက်တဲ့လူ” လို့ ဘာသာပြန်လို့ ရမယ် ထင်တယ်။ ဒါက စိတ်ကျန်းမာရေးနဲ့ ဆိုင်တဲ့ လက္ခဏာတစ်ခု ဖြစ်တာမို့လို့ ဒါမျိုး အကျင့်စရိုက် ကိုယ့်မှာ ရှိနေလို့ ရှက်ရွံစရာ မလိုပါဘူး။ ကိုယ့်ကိုယ်ကို ပိုနားလည်ပြီး ပြုပြင်သင့်၊ထိန်းချုပ်သင့်တာကို ထိန်းချုပ်တတ်ဖို့က ဒီ မျှဝေခြင်းစာစု ရဲ့ ရည်ရွယ်ချက်ပါ။

တွေ့ရှိခြင်း အစ

ဒီနေ့ အလုပ်မှာ ကျနော့် Senior ရေးထားတဲ့ Programming Code ကို Review လုပ်ရတဲ့အခါမှာ အချိန် တစ်နာရီကျော်လောက် အကုန်ခံပြီး ကျနော် စာပိုဒ် အရှည်ကြီး ရေးပေးလိုက်တယ်။ အဲဒီမှာ ကျနော့် Senior က reply ပြန်လာတာ တစ်ကြောင်းထဲ။ “မင်း ပြောနေတာတွေက ယခုအလုပ်ရဲ့ ရည်ရွယ်ချက် scope ပြင်ပ ရောက်နေတယ်” တဲ့ ။ ရုတ်တရက်တော့ ကြောင်သွားတာပေါ့ ။ ပြီးတော့ ကိုယ်က ကြိုးကြိုးစားစား လုပ်ထားပါရက်နဲ့ ဘာကြောင့် အသိအမှတ်မပြုတာလဲ ပေါ့ ။ အဲဒီ အဖြစ်အပျက်အပြီးမှာ Autism From The Inside ဆိုတဲ့ Youtube Channel (https://www.youtube.com/@autismfromtheInside) ကနေ “Are you an over-explainer” ဆိုတဲ့ talk ကို နားထောင်ဖြစ်တယ်။ အဲဒီ Talk ကနေ ကျနော့်အတွက် ကိုယ့်ကိုယ်ကို ပြန်နားလည်စေခဲ့တာပါ။

လက္ခဏာများ

Talk ထဲမှာတော့ Over-Explainer တွေက email တွေ အရှည်ကြီး ရေးပြီး ပို့တတ်တာ။ စကားပြောရင် အကြာကြီး ပြောနေမိတာ ။ အကြာကြီး ရှင်းပြနေတာ စသဖြင့် လက္ခဏာတွေ ရှိတယ်လို့ ဆိုပါတယ်။ အဓိကကတော့ ကိုယ်ပြောသမျှ ၊ ရေးသမျှတိုင်းမှာ Because (ဘာကြောင့်) ဆိုတဲ့ ရှင်းပြချက်တွေ ထပ်ထပ်ထည့်နေမိတာပဲ။ ကိုယ့်စိတ်ထဲ ရှိသမျှတွေကို နားထောင်သူ သေသေချာချာ နားလည်စေချင်စိတ် နဲ့ အကုန် ပြောပြနေမိပေမယ့် တကယ်တမ်းကျတော့ အဲဒီလို စိတ်ထဲရှိသမျှ အကုန်ပြောခြင်းက တဖက်လူအတွက် misconception (နားလည်မှုလွှဲမှားသွားတာမျိုး) ဖြစ်စေနိုင်တာပါ။ ကိုယ်က ခေါင်းထဲမှာ ရှိသမျှ information တွေကို တစ်ခုပြီးတစ်ခု ပေးနေမိပြီးတော့ တဖက်က လက်ခံသူအနေနဲ့ကျတော့ ပေးသမျှ information ကို အကုန်ယူဖို့ ခက်ခဲတဲ့ အခြေအနေ ဖြစ်သွားပါတယ်။

ကိုယ်တွေ့

Talk ကို နားထောင်နေရင်း ကျနော့် ငယ်ဘဝကနေ ယခုအချိန်ထိ ဖြစ်ပျက်သမျှတွေကို နှိုင်းယှဥ်ပြီး တွေးမိတယ်။ အပေါ်က သူ ပြောသလို လက္ခဏာတွေ ကျနော့်မှာ ထင်ထင်ရှားရှား တွေ့သလို အခြား သတိထားမိတာလေးတွေလဲ ရှိတယ်။ ပထမတစ်ခုက – ပြောပြီးသား အကြောင်းအရာတစ်ခုကို ပြန်ကျော့မိနေတာမျိုးပါ။ ကိုယ် ပြောချင်တာကို လိုရင်း မရောက်တဲ့အပြင် ပြောမိပြီးသားတွေကို မရည်ရွယ်ပဲ ပြန်ပြန်ပြောနေမိတဲ့ လက္ခဏာမျိုးလဲ တွေ့ပါတယ်။ ကျနော်က ငယ်စဥ်တုန်းက Public Speaking စကားပြောကောင်းတဲ့သူထဲမှာ ပါပေမယ့် အသက် ကြီးလာတာနဲ့အမျှ (အဲဒီ လက္ခဏာ ဆိုးရွားလာတာနဲ့ အမျှ) ကျနော့်အတွက် public မှာ စကားပြောရတာ အဆင်မပြေတော့ပါဘူး။ နောက်ပြီး အကြောင်းအရာတစ်ခုကို စီကာပတ်ကုံး ပြောနေတတ်တာကိုက အကျင့်ကောင်းတစ်ခုလို့ ထင်မိနေတာပါ။ ကျနော့် Scholarship Essay တစ်ပုဒ် ကို ဖတ်ရတာ ကျနော်ပြောပြချင်တဲ့ ပြဿနာ လိုရင်းကို မရောက်နိုင်ပဲ အခြားအကြောင်းအရာတွေနဲ့ပဲ ပြည့်နေတယ် လို့ ဆရာမ တစ်ယောက်က မှတ်ချက်ပေးဖူးတာကို အခုမှ ဒီ ပြဿနာနဲ့ ဆက်စပ် စဥ်းစားမိပါတယ်။ ကျနော် organize/facilitate လုပ်တဲ့ meeting/training တွေက သတ်မှတ်ချိန်ထက် အမြဲကျော်နေတတ်တယ် ဆိုတာကိုလဲ အခုမှ သတိထားမိပါတယ်။

ဖြေရှင်းနည်း

ကျနော်လဲ အခုထိ ရှာနေတုန်းပဲ။ Talk ထဲမှာတော့ Summary Mode (လိုရင်း တိုရှင်း အနှစ်ချုပ် ပြောတတ်တဲ့ အကျင့်) ကို ကြိုးစား လုပ်ယူဖို့ ညွှန်းပါတယ်။ ဥပမာ – စာ ၂ မျက်နှာ ရေးပြီး ပို့မယ့်အစား အရေးကြီးတဲ့ အချက်အလက်တွေကိုပဲ ထုတ်နှုတ်ပြောတာမျိုး။ နောက်ပြီး ကိုယ် ပြောချင်သမျှရဲ့ ၁၀၀ ရာခိုင်နှုန်းကို ပြောစရာမလိုဘူး ဆိုတာ သတိထားဖို့ လိုပါမယ်။ ကိုယ်က ဆက်တိုက် ပြောမိတော့မယ့် အနေအထားမျိုးမှာ ကိုယ့်ကိုယ်ကို ထိန်းချုပ်ဖို့ ကြိုးစားသင့်တယ်လို့ Talk မှာ ညွှန်းထားပါတယ်။ အဲဒါက ကျနော်တို့ ဗုဒ္ဓနည်းလမ်းအရဆိုရင် “သတိ ကပ်တတ်တဲ့ အလေ့အကျင့်” လို့ ပြောလို့ ရမယ်။

အရေးကြီးဆုံးက ဒီလို လိုရင်းမရောက်တဲ့ ပြဿနာ/အလေ့အကျင့် ရှိနေလို့ ကိုယ့်ကိုယ်ကို အပြစ်မတင်မိဖို့လိုပါတယ်။ ဒါက စိတ်ပိုင်းဆိုင်ရာ ပြဿနာ တစ်ခု ဖြစ်ပြီးတော့ ကိုယ့်လိုပဲ အလားတူ ပြဿနာ ကြုံနေရတဲ့ လူပေါင်းများစွာ ကမ္ဘာပေါ်မှာ ရှိပါတယ်။ အဲဒီအတွက်လဲ သိပ္ပံနည်းကျ စိတ်ပညာရှင်တွေက လေ့လာချက်တွေ အများကြီး ရှိပါတယ်။ အင်တာနက်ပေါ်မှာ ရှာဖတ်တာဖြစ်ဖြစ် ၊ ကျွမ်းကျင်သူ ပညာရှင်တစ်ဦးဦး နဲ့ တိုင်ပင်တာမျိုး ပြုလုပ်စေချင်ပါတယ်။

ဒီ ဆောင်းပါး ဖတ်အပြီးမှာ Over-Explainer အကြောင်းကို ကျနော် လိုတာထက် ပိုပြီး ရေးနေ/ရှင်းပြနေ (over-explain) လုပ်နေမိသလား ဆိုတာလဲ တချက် comment ပေးခဲ့ပါဦး 😀