in Monograph

အဖိုး

စွမ်းဇာနည် ရဲ့ “၁၅-မိနစ် အလို” သီချင်းကို ပြန်နားထောင်မိတော့ လွန်ခဲ့တဲ့ ၁၅ နှစ်ကျော် အချိန်ကာလကို ပြန်ရောက်သွားတယ်။ သီချင်းတွေက time traveller လုပ်ပေးနိုင်စွမ်း ရှိတဲ့ အရာတွေထဲက တစ်ခုပဲ။ အဲဒီအချိန်က မော်လိုက်မြို့လေးမှာ လျှပ်စစ်မီး ဆိုတာ မရှိဘူး။ နောက်ပြီး မီးစက် နဲ့ TV ရှိတဲ့ အိမ် ဆိုတာလဲ လက်ချိုးရေလို့ရတယ်။ အဲဒီ လက်ချိုးရေလို့ ရတဲ့ အိမ်အရေအတွက်ထဲမှာက အဖိုး အိမ်က တစ်အိမ် အပါအဝင်ပဲ။ အဖိုး အိမ်မှာက မီးစက်နှိုးပြီး ဇာတ်ကားတွေ ပြတယ်။ လာကြည့်တဲ့သူတွေက အချိုးကျ ပိုက်ဆံ ထည့်ရတဲ့ ပုံစံမျိုးပဲ။ အဲဒါတွေအားလုံးကို ကြီးချော (အန်တီချော) က ဦးဆောင်တယ်။ ညနေဦးပိုင်း ဆိုရင် ကြီးချောက အိမ်ရောက်လာပြီး ။ “ဆရာကြီးရေ ဒီည ကြည့်ကြဦးမလား ၊ ဘယ်သူ့ ဇာတ်ကား အသစ်ထွက်တယ်လေ” ဆိုပြီး ရောက်လာတာပဲ။ အဲဒီတုန်းက စိုးပြည့်သဇင်က အဖိုး favorite actress ထဲမှာ ပါတယ်။ အဖိုး အိမ် ရောက်မှ ဟိန်းဝေယံ တို့ ဂျွန်ကို တို့ မင်းသား အစုံ ဗမာကား ကြည့်ဖူးတော့တာပဲ။ ဗမာကား တစ်ကားလုံးကို သေသေချာချာ ကြည့်ခဲ့ရတယ် ဆိုတာလဲ အဖိုး အိမ်မှာ နောက်ဆုံးပဲ။ အဲဒီနောက်ပိုင်းကတည်းက ဗမာကား မကြည့်ဖြစ်တော့တာ။

စကားပြန်ဆက်ရရင် အဲဒီလို မီးစက်နှိုးဖို့ကို ကျနော်က ရေသန့်ဗူးလေးနဲ့ ဓါတ်ဆီသွားသွားဝယ်ရတတ်တယ်။ များသောအားဖြင့် ကြီးချော နဲ့ သွားရတာ များပါတယ်။ ဓါတ်ဆီဆိုင် နဲ့ VCD အငှားခွေဆိုင်က သိပ်မဝေးဘူး ။ ကြားထဲမှာ “ပိုင်” ကျူရှင်ပဲ ခြားတယ်။ ဓါတ်ဆီက ၁၀၀၀ ဖိုးလောက် ဝယ်ရတယ် လို့ ထင်တာပဲ။ အဲဒါဆို ဇာတ်ကား တစ်ကားစာ ကြည့်ပြီး နဲနဲ ကျန်တတ်တယ်။ ဒါကြောင့် တော်ရုံတန်ရုံ နဲ့ အငြိမ့်တခွေလုံး ကြည့်ဖို့ မီးစက် မနှိုးတတ်ဘူး။ ဇာတ်ကားမစခင် ၁၅ မိနစ် လောက်လေး အငြိမ့်ဖွင့်တာမျိုး ရှိတယ်။ အဲထဲမှာမှ ရှားရှားပါးပါး စွမ်းဇာနည် အငြိမ့်ကို အစ-အဆုံး မီးစက်နှိုးပြီး ကြည့်ခဲ့တာ မှတ်မိတယ်။ နောက်ပြီး တစ်ကြိမ်ထက် ပိုတာကိုလဲ မှတ်မိတယ်။ အဲဒါကြောင့် တချို့ စွမ်းဇာနည် သီချင်းတွေကို ကျနော် ပါးစပ်ထဲစွဲနေတာ။ စွမ်းဇာနည် နဲ့ ဖိုးချစ် နဲ့က ရှေးရိုး အငြိမ့်ဆိုတာ ကို ဇာတ်ရုံ ၊ ဘုရားပွဲမှာ ကတာမဟုတ်ပဲ VCD ရိုက်ပြီး လွှင့်လို့ ရတယ် ဆိုတာမျိုးကို စွန့်ဦးတီထွင်ခဲ့တဲ့ လမ်းကြောင်းထဲမှာ ပါတယ်လို့ မြင်တယ်။ ဖိုးချစ်ကတော့ အရင် စောလိမ့်မယ်။ ဒါပေမယ့် စွမ်းဇာနည်ကကျ ရုပ်ရည်အရရော တောကြိုက် တော်တော်ဖြစ်ခဲ့တာ။

အဖိုး အိမ် အကြောင်း စဥ်းစားလိုက်ရင် ရှေးခေတ် အိမ်အကြီးကြီးရယ် ၊ အဲဒီ အိမ်ကြီးကို ဖြိုပြီး ပြန်ဆောက်လိုက်တဲ့ အိမ်သေးသေးလေးရယ် ၊ အိမ်ကြီးကို ဖြိုတဲ့အချိန်မှာ လက်ကျန် ချန်ထားတဲ့ မီးဖိုချောင်ရယ် ၊ နောက်ပိုင်းမှ မီးဖိုချောင်ကို ထပ်ဖြိုပြီး အိမ်အသစ်သေးသေးလေးမှာ ခြေတိုင်ရှည်နဲ့ မီးဖိုချောင်အသစ် ချဲ့တာတွေရယ် မှတ်မိနေတယ်။ အဲဒီ ဖြစ်စဥ် အကုန်လုံးမှာလဲ ကျနော် ရှိခဲ့တာဆိုတော့လေ။ ရေကြီးရင်တော့ စိတ်ဆင်းရဲစရာပဲ။ ရှိသမျှ သစ်တွေကို ရေလွတ်အောင် အိမ်အောက်မှာ ဆင့် လုပ်ပြီး ရွေ့ရတာမို့ ။ မော်လိုက်ကို ကျနော် ၄ တန်းနှစ်လောက်မှာ ပထမဆုံးအကြိမ် ရောက်တော့ မှတ်မိနေတဲ့ သူတွေထဲမှာ အတက်ရောဂါရှိတဲ့ လူတစ်ယောက်ရယ် ၊ ကျနော့်ကို စနောက်တတ်တဲ့ လူတစ်ယောက်ရယ်ကို မျက်စိထဲ ပြန်မြင်တယ်။ နာမည်တွေနဲ့တော့ မမှတ်မိတော့ဘူး။ ၈ တန်းနှစ်မှာ ပြန်ရောက်တော့ လူတော်တော်များများနဲ့တော့ ပိုသိတာပေါ့ ။ ဒါပေမယ့် အခုလဲ နာမည်တွေ ရေးတေးတေး ဖြစ်ကုန်ပြီ။ ဥာဏ်လင်း ၊ လဗုံတုံး ၊ ဂိုရှယ် ၊ နှင်းနု ၊ ပိုးနုစံ ၊ မစု … မှတ်မိသလောက် နာမည်တွေ ချရေးထားရဦးမယ်။ တကယ် စဥ်းစားကြည့်မှ ဘဝကြီးမှာ ကိုယ် သိခဲ့သမျှ လူတွေ ရဲ့ data က သေချာ သိမ်းမထားဖြစ်ဘူးပဲ။