in Monograph

ရှာဖွေတွေ့ရှိခြင်း – မတ်လ ၂၇၊၂၀၂၅ ခုနှစ်

ဒီနေ့က အမေ့ မွေးနေ့ ။ မြန်မာပြည်မှာဆိုရင်တော့ တော်လှန်ရေးနေ့ (တပ်မတော်နေ့) ဆိုပြီး ရုံးပိတ်ရက် ဆိုတော့ သတိထားမိတယ်။ အခုကျ သူတပါးနိုင်ငံမှာဆိုတော့ ရုံးပိတ်ရက်လဲ မဟုတ်တော့ သတိမထားလိုက်မိဘူး။ ပထမဆုံး အကြိမ် အမေ့မွေးနေ့ရက်မှာ ရုံးတက်ရတာလို့တောင် ပြောလို့ ရတယ်။ တနေကုန် အလုပ်လုပ် ။ Error တွေတက် ။ ဖျားချင်သလိုလို ဖြစ် ။

စာအုပ်တစ်အုပ်

အဆိုတော် ကျားပေါက် ရဲ့ Podcast တစ်ခု ရဲ့ စစချင်းမှာ ညွှန်းတဲ့ စာအုပ်။ သူ ညွှန်းတာကို နားထောင်ပြီး ချက်ချင်းပဲ Internet ပေါ်မှာ ebook + audio ကို ပိုင်းရိတ် ရှာဒေါင်းမိတယ်။ ဒါပေမယ့် တချိန်ချိန် အခွင့်အရေးပေးလာရင်တော့ paperback ကို ဝယ်ကို ဝယ်မှာပါ။

ဒီနေ့ စာအုပ် ကို audio ပါ ဖွင့်လျက် စ ဖတ်ဖြစ်တယ်။ ဖတ်ဖတ်ချင်းမှာပဲ ဒီစာအုပ်က ငါ ဖတ်ကိုဖတ်ရမယ့် စာအုပ် ဆိုတာမျိုး ခံစားမိတယ်။ ဘယ်လောက်တောင်လဲ ဆိုတော့ ဘာသာပြန်ဖို့ပါ စဥ်းစားတယ်။ တက်ကျမ်းမျိုးစုံ ဖတ်ဖူးပေမယ့် ဒီလိုမျိုး ယောက်ျား တစ်ယောက်ကနေ ယောင်္ကျားတွေကို ဘဝဖြတ်သန်းပုံအကြောင်း ရှင်းပြတာမျိုး မရှိဘူးလေ။ အထူးသဖြင့် မြန်မာ ဘာသာစာအုပ်အနေနဲ့ပေါ့။ ဒီရက်ပိုင်းမှာမှ Mental Counselling session တစ်ခုမှာ ပြောဖြစ်သေးတယ်။ ကျနော်က ငယ်ငယ်လေးကတည်းက အထ္ထုပ္ပတ္တိ တွေကြိုက်တော့ အားကျစရာ Idol တွေက အတော်များတယ်။ ဒါပေမယ့် ပြဿနာက စာအုပ်ထဲမှာက ဒီ Idol တွေ ဘယ်လို အောင်မြင်သွားတယ် လို့ပဲ ပါတယ်။ ဒီလူတွေ တရက် ၊ တရက် – နေ့ဓူဝ ပြဿနာတွေကို ဘယ်လို ရင်ဆိုင်တယ် ဆိုတဲ့ နည်းလမ်းတွေကျတော့ မပါဘူး။ အဲဒါဆိုတော့ ကိုယ်က အားကျလို့ copy ကူးချင်ပေမယ့် ၊ ဒီ Idol တွေလို ဖြစ်ချင်ပေမယ့် တကယ်တမ်းကျ ကိုယ့်ဘာသာကိုယ်တောင် ရှာမတွေ့တော့ဘူး ။ အဲဒီအတွက် ဒီစာအုပ်က ဖြေရှင်းနည်း ဖြစ်လာနိုင်လို့တောင် ညွှန်းချင်တယ်။ အဆုံးထိတော့ မဖတ်ရသေးပါဘူး ။ ဒါပေမယ့် ဖတ်လက်စမှာတင် ရလိုက်တဲ့ အတွေးအခေါ်တွေက ငါ့အတွက် နည်းလမ်းတွေ ပေးနေတာပဲ လို့ ခံစားရလို့။

ကိုယ်တွေ့ ကျားဘဝ – Mental Health

မြန်မာပြည်မှာက ကလေးဘဝကတည်းက ကလေးငိုရင်တော့ “ယောက်ျားလေးဆို မငိုရဘူး” ဆိုပြီး ချော့ခဲ့တာကို ။ ဒီတော့ ဘယ်လောက်အထိ ခံစားချက်တွေကို သိမ်းထားဖို့ တွန်းအားပေးခဲ့သလဲ ဆိုတာ စဥ်းစားသာ ကြည့်တော့။ ကလေးဘဝကတည်းက မိဘတွေနဲ့အဝေးမှာ တယောက်ထဲ ရှင်သန်ခဲ့ရတော့ ကိုယ့်မှာ ဒဏ်ရာဒဏ်ချက်တွေ တော်တော်များတယ် (ဆရာရွှေဥဒေါင်း အသုံးအတိုင်း ဆူးတွေ တချောင်းပြီးတချောင်းပေါ့။) ကိုယ့်ဘဝကို ရှာတွေ့ဖို့ တော်တော်ကြိုးစားရတယ်။ အခုထိလဲ ကြိုးစားနေရတုန်းပါပဲ ။ နောက်ပြီး ဖြစ်ကတတ်ဆန်းနေတာတွေ ၊ နှိုင်းယှဥ်မိနေတာတွေနဲ့ ကိုယ့်စိတ်တွေက နှစ်ပေါင်းများစွာ ထွက်ပေါက်ပိတ်နေခဲ့တာ။ ယောက်ျားဆိုရင် ၊ ယောက်ျားတစ်ယောက်က .. စသဖြင့် ယောက်ျားစံချိန်စံနှုန်းတွေနဲ့ ကိုယ့်ဘာသာ နှိုင်းယှဥ်ရင်းနဲ့ပေါ့။

တော်လှန်ရေး

နေ့လည်က ကိုဆောင်းခ ရေးထားတဲ့ post တစ်ခု ဖတ်လိုက်ရတယ်။ ဒီတော်လှန်ရေးက လူငယ်တွေသာ စည်းလုံးရင် ဗမာစစ်တပ်ကို နိုင်ငံရေးထဲကပါ မဟုတ်ဘူး ၊ တိုင်းပြည်ထဲကပါ မောင်းထုတ်လို့ ရတယ် ဆိုတာ။ comment တွေထဲကနေ ကိုဆောင်းခ ဖြေထားတဲ့ “စစ်ပုံ မကျရင် တွဲတိုက်လို့ မရတာ” ၊ “လူကြီးတွေကကတော့ စည်းလုံးစရာကို မရှိတော့တာ” ဆိုတဲ့ အကြောင်းတွေက စဥ်းစားစရာတွေ အများကြီး ရတယ်။ အဓိကကတော့ တော်လှန်ရေးအစမှာ စိတ်ဓါတ်သီးသန့်နဲ့ ဖွဲ့ခဲ့တဲ့ Local PDF (နယ်မြေခံ လက်နက်ကိုင် အဖွဲ့တွေ) နဲ့ အနာဂါတ်တစ်ခုအတွက် ရည်ရွယ်ပြီး စနစ်တကျဖွဲ့တဲ့ တပ်တွေကြားမှာ ပွတ်တိုက်မှု စဖြစ်တာပဲ။ ကိုဆောင်းခ တို့ BPLA မှ တင်မဟုတ်ပါဘူး ။ NUG ရဲ့ နှစ်ရှည် train ထားတဲ့ PDF နဲ့ NUG ရဲ့ အဖွဲ့အစည်းတစ်ခုဖြစ်တဲ့ ပ.က.ဖ အကြားတောင် ပွတ်တိုက်မှုတွေ ရှိနေတာပဲ ဆိုတော့။ LPDF တွေအနေနဲ့ စဥ်းစားရင် နှစ်ကာလကြာလာတာနဲ့ အမျှ ဆုံးရှုံးမှုတွေ များတယ် (ကိုယ့်ရွာသား ၊ ကိုယ့်နယ်သား ဘယ်သူ ဘယ်ဝါ ကျဆုံးသွားတယ်ဆိုတာမျိုး ခံစားချက်တွေနဲ့ ) ထပ်ပေါင်းရင် ဒီနယ်မြေကို ကိုယ်ကလဲ နည်းနည်းလောက် စိုးမိုးနိုင် ၊ ဆရာကြီးဖြစ်နေနိုင်တော့ နေရာအပေါ် သံယောဇဥ် ၊ တပ်မက်မှု (တနည်းအားဖြင့် အာဏာအပေါ် မသိမသာ/သိသိသာသာ ရစ်မူးမှု) ကလဲ ရှိလာတော့ အခုမှ ဝင်လာတဲ့ စစ်တပ် အစစ်တွေနဲ့ တွေ့တဲ့အခါ ပွတ်တိုက်မှု ဖြစ်တဲ့ သဘောလို့ ထင်တယ်။ ဘယ်လောက်အထိ ညှိနိုင်မလဲ ဆိုတာက LPDT ခေါင်းဆောင်တွေရဲ့ ဥာဏ်ပညာ နဲ့ အရည်အချင်းပေါ် အများကြီး မူတည်သွားပြီ ။ ကြောက်ဖို့တော့ ကောင်းတယ်။ ဘာလို့လဲဆိုတော့ အဲဒီ ပြဿနာက ကြီးလာတာနဲ့ အမျှ (နယ်မြေ ကြီးလာတယ် ၊ လူမျိုးရေး ကြီးလာတယ် ဆိုရင်) – ဗမာ (စစ်တပ်) vs တိုင်းရင်းသား ဖြစ်သလိုမျိုး model ဖြစ်လာနိုင်တယ်။

နိုင်ငံတကာ

ဒီတစ်လောကတော့ Trump ပတ်မွှေသမျှ သတင်းတွေပဲ ဖတ်နေရတယ်။ နောက် တစ်နှစ်ကျော်လောက်ဆိုရင်တော့ နည်းနည်းပါးပါး stable ဖြစ်ကောင်းပါရဲ့ ။ နိုင်ငံငယ်တွေ ရဲ့ စည်းလုံးမှု ၊ ကွန်ရက်ဖွဲ့မှုတွေ (ဥပမာ – EU) က စစ်ရေးတင် မဟုတ်ပဲ စီးပွားရေးမှာပါ ကောင်းလာရင် ကိုယ်တွေအတွက် ပိုကောင်းမယ်။

အချစ်ရေး

သူ့ အကြောင်း ထပ်ရေးရမယ်ဆိုလို့သာ title တပ်လိုက်တာ။ ဘာရေးရမယ်မှန်း မသိဘူး ။ ရေးစရာလဲ ပြဿနာ ကြီးကြီးမားမား မရှိဘူးလေ ။ ပူတူးလေးနဲ့ ချစ်သူ ဖြစ်ရတဲ့ အထဲမှာ အကောင်းတကာ့အကောင်းဆုံး ကိစ္စပဲ။ ဘာပြဿနာမှ ကြီးကြီးမားမား ဖြစ်စရာ ကို မလိုတာ ။ အလုပ်ထဲမှာတောင် စိတ်ဓါတ်ကျရင် ပူတူး သာ ငါ့နေရာဆို ဘယ်လို လုပ်မလဲ ဆိုပီး စဥ်းစားပြီး motivation ယူနေရတာ။ ပူတူးလောက် သမာဓိအားကောင်းရင် တော်တော်ကောင်းမယ်။ Team Lead တောင် ဖြစ်နေလောက်ပီ 😀 နောက်ပြီး ပူတူး ရဲ့ ချစ်စရာအကောင်းဆုံးအချက်က ကြိုသိနေတာပဲ။ အပေါ်က စာအုပ်ဆိုရင်လဲ သူ့ဆီကို ss ပဲ ပို့ရသေးတယ် ၊ သူက ဝယ်ပေးမယ် ဆိုပီး တန်းပြောတာ။