in Uncategorized

ကုသ အလွမ်း

ဒီ ‘ကုသအလွမ်း’ သီချင်းရဲ့ original song ကို အခုမှ နားထောင်ဖူးတာ။ ပိုးအိစံ ဆိုတာ အရင် နားထောင်ဖူးတယ်။ ဒီသီချင်း ကြားတော့ အဘိုး ကို သတိရမိတယ်။ ဒီသီချင်း ဟုတ်၊မဟုတ်တော့ မသိဘူး ။ ကျွန်တော့်ကို စတဲ့အနေနဲ့ “မင်းက ဟိုသီချင်းထဲကလို မင်းကုသ လို ဖြစ်နေပြီ။ ဒါပေမယ့် စိတ်မပူပါနဲ့ ။ ရုပ်ဆိုးတဲ့သူက ကောင်မလေးချောချော နဲ့ ညားတတ်တယ် တဲ့”

အဘိုး နဲ့ ပတ်သတ်ရင် နောက်ဆုံး အမှတ်တရက အရမ်းတော့ ကျေနပ်စရာ ၊ ပျော်စရာ ဟုတ်မနေခဲ့ဘူး။ ဒါပေမယ့် ပျော်စရာတွေ လဲ အများကြီး ရှိခဲ့ဖူးပါတယ်။ အမှတ်ရဆုံးက အဲဒီရက်ပိုင်းတွေက လေကြီးမိုးကြီးတွေ တိုက်နေတာ။ ၂၀၀၇ ၊ ၂၀၀၈ ဝန်းကျင်လောက်ဖြစ်မှာပေါ့ ။ အဲဒီအချိန် အိမ်မှာလဲ မီးဖိုချောင်အကြီး ဖျက်ပြီး အသစ်ဆောက်နေတဲ့အချိန် ။ ဖျက်လက်စ မီးဖိုးဆောင်အဟောင်း(အကြီး) က အကုန် ဖျက်မပီးသေးဘူး။ လေတွေတိုက်တာရော ၊ အိမ်မှာ အဘိုးနဲ့ ၂ ယောက်တည်း ရှိတာကော နဲ့ ထမင်းလောက်ပဲ ချက်တယ်။ အဲဒီနေ့က တခြား ဘာဟင်းမှ မရှိတော့ ထမင်းကို ပုန်းရည်ကြီးနဲ့ နယ်ပြီး ကြက်သွန်ဖြူ ကိုက်စားခဲ့တာ။ ဘဝမှာ တနပ်ထဲသော ထမင်းပဲ။ နောင်လဲ အဲဒီလိုမျိုး မစားဖြစ်တော့သလို အဲဒီတုန်းက အဘိုးနဲ့ အတူ စားခဲ့ရသလို ခံစားချက်မျိုးလဲ ပြန်မရတော့ဘူး။

အဘိုးနဲ့ ပတ်သတ်ပြီး အမှတ်တရတွေကို ပြန်စဥ်းစားရင် အိမ်အောက်ထပ် ထင်းပုံကြီးရယ် ၊ မီးစက်ရယ် ၊ မီးစက်ဘေးနားက အဘိုး ထိုင်နေကြ ခုံရယ် ၊ ပြီးတော့ အိပ်ရာ ရယ် အဲဒါကို မျက်စိထဲ ပြန်မြင်တယ်။ နေ့လည်ဆို ရွာထဲက တယောက်ပီး တယောက် အဘိုးဆီ လာလည်ကြတယ်။ မဟုတ်လဲ အလည်ခေါ်ခိုင်းတာပါပဲ။ ကိုယ်ကိုတိုင် အသက် ၇၀ ၊ ၈၀ ရောက်မှ စကားပြောဖော် လိုချင်တဲ့ အဘိုးရဲ့ ခံစားချက်ကို တကယ် ကိုယ်ချင်းစာပေးနိုင်တော့မယ် ထင်တယ်။ နောက်ပီး အဘိုး ရဲ့ ကက်စက်ဟောင်းကြီး ရယ် ၊ အိမ်အဟောင်းကြီးတုန်းက အပေါ်ထပ် လှေကားထစ်လိုမျိုးမှာ မင်းသမီးရုပ်တွေကို ထွင်းနေတဲ့ အဘိုးပုံစံတွေကိုလဲ မျက်စိထဲ ပြန်မြင်တယ်။

အဘိုးဆီကို ပထမဆုံး ရောက်ဖူးသွားတာက ၄ တန်းနှစ် ဖြစ်မယ် ထင်တယ်။ အိမ်ရှေ့က သစ်ပင်ကြီးအောက်မှာ ထိုင်ပြီး အမေ နဲ့ အိမ် ကို လွမ်းခဲ့ရတာ သတိရတယ်။ ဒီ မှတ်ဥာဏ်တွေကို မပျောက်သွားစေချင်ဘူး။ အဘိုး ပြောပြဖူးတဲ့ အဘွားနဲ့ အတူတူ ချင်းတွင်းမြစ် (ထင်တယ်) ထဲမှာ ညဘက်ကြီး ဖောင်လိုမျိုး လှော်တဲ့ အကြောင်းတွေ ၊ အိန္ဒိယဘက်ကို ကားအင်ဂျင်စက် ထမ်းဖို့ ရောက်သွားတဲ့ အကြောင်းတွေ ။ အခုတောင် ခေါင်းထဲမှာ ရေးတေးတေးပဲ ကျန်တော့တာ။ ရောက်ခါစထင်တယ် ။ တောမီးတွေ လောင်တော့ အဘိုးပိုင်တဲ့ တောင်ထိပ်အထိ တက်ပြီး ရေလောင်းဖို့ လုပ်ခဲ့တာလဲ သတိရတယ်။ အဲဒီတောင်ကို တက်ခဲ့ရတဲ့ အကြိမ်အရေအတွက် ၁၀ ကြိမ် မပြည့်ခဲ့ဘူး ထင်တာပဲ။ မိုးတွင်းကြီး အခင်းထဲက ခရေပွင့်သွားကောက်တာ ၊ မှိုသွားဆွတ်တာတွေ သတိရတယ်။ အခင်းထဲက ရေတွင်းမှာ ရေသွားချိုးတဲ့အခါ ကြောက်လို့ မျက်လုံး မှိတ်ပြီး မချိုးရဲတာတွေ ။ အခင်းထဲက ပိန္နဲပင်က အသီးဆွတ်ရင်း ကျကွဲသွားတဲ့ အလုံးကို အဲဒီနေရာမှာပဲ တထိုင်ပဲ စားခဲ့တာတွေ။ ဘဝမှာ ပထမဆုံး လေးခွ ကို ရလို့ အဲဒီမှာ လျှောက်ပစ်ဖို့ လုပ်ရင်း အဘိုး ခေါင်းဘေးနားကနေ လောက်စာလုံး ထွက်သွားပီး အိမ်နံရံကို မှန်လို့ အဘိုး ဒေါကန်တာတွေ။ ဥာဏ်လင်း နဲ့ အတူ လျှောက်သွားပီး ခုနှစ်ဆင့် ရေတံခွန် ဘက်ထင်တယ် ၊ ငါးတွေ လိုက်ဖမ်းပြီး အိမ်ကို ညနေဘက်မှ ပြန်ရောက်လို့ အဘိုး ဒေါကန်တာတွေ ။ တခါ အရိုက်ခံရသေးတယ်။ ဘောလုံးကန်လို့လား ၊ အဲဒီလို သွားလို့လား မသိဘူး ။ ဘောလုံးကန်ရင်းနဲ့ ထော့ကျိုးဖြစ်လာလို့ လဗုံတုံးက အိမ်လိုက်ပို့တာလဲ မှတ်မိတယ်။ အိမ်နောက်ဖက် (အိမ်သာနားက) မန်ကျည်းပင်ကြီးပေါ် ကို တက်တက်ဆော့ခဲ့တာလဲ သတိရတယ်။ (အဲဒီတုန်းက စိတ်ထဲ အရမ်းလွှမ်းမိုးတာက ကိုယ် ဖတ်ဖူးတဲ့ ဆရာဇဝန ရဲ့ ဆိုးပေ ဇာတ်ကောင် ဆိုတော့လေ)။ ဘာပဲ ဖြစ်ဖြစ် ကလေးဘဝမှာ သမံတလင်းတွေ ၊ မီးလင်းရောင်ထိန်ထိန်အောက်မှာ သစ်ပင်ဆိုတာကို လက်ချိုးရေရတဲ့ ဘဝမျိုးနဲ့ မကြီးပြင်းခဲ့ရပဲ သဘာဝနဲ့ အနီးစပ်ဆုံး ကြီးပြင်းခွင့်ရတာကို ကျေးဇူးတင်ပါတယ်။

၂၀၂၄ ထဲရောက်ပီ။ ကိုယ့်အသက် ၃၀ နားကပ်နေပြီ ဆိုတာ ယောင်ယမ်းပြီး သတိထားမိတယ်။