ဆရာကိုတာ ရဲ့ ဒီရက်ပိုင်း ထွက်တဲ့ စာအုပ် – တဂိုး ၏ အမျိုးသားရေးဝါဒ စာအုပ် ဝယ်ဖတ်ဖြစ်ပြီး ဒီစာကို ရေးဖြစ်တာ။ စာအုပ်က ပါးပါးလေးပါ ။ နာရီဝက် ၄၅ မိနစ်လောက် အမြန်ဖတ်ရုံနဲ့ ပြီးတယ်။ တွေးစရာတွေ ပြန်တွေးလို့ ရအောင် သေချာတော့ ပြန်ဖတ်မယ် စိတ်ကူးတယ်။

တဂိုးကို သိတာကြာပြီ။ တက္ကသိုလ်ကျောင်းသားဘဝ ထဲကပေါ့လေ ။ သူ့ ကဗျာစာအုပ်တွေ အဟောင်းတန်းက တွေ့ရင် ချက်ချင်း ဝယ်သိမ်းဖြစ်တယ်။ ဖတ်တော့ မဖတ်ဖြစ်ပါဘူး ။ ငါ တဂိုးဖတ်တယ်ကွ ဆိုတဲ့ ကြွားဝါချင်စိတ် နဲ့ ဝယ်ခဲ့မိတာတွေပဲ။ အိန္ဒိယက အိမ်နီးနားချင်း ဖြစ်နေတော့ သိပ်မစိမ်းဘူး ။ အိန္ဒိယ ရုပ်ရှင်တွေ ကြည့် ၊ ရှာရွတ်ခန်း ရဲ့ ပရိသတ် တစ်ယောက် ဖြစ်သလို သိပ္ပံပညာရှင် ကနေ အိန္ဒိယ သမ္မတ ဖြစ်သွားတဲ့ အဗ္ဗဒူကလမ် ကိုလဲ ငယ်ငယ်က အားကျဖူးတယ်။ မဟတ္တမဂန္ဒီ ကိုတော့ Gandi ရုပ်ရှင်ဇာတ်ကား နဲ့ အတ္ထုပ္ပတ္တိစာအုပ် ကနေ ရင်းနှီးတယ်။ နေရူး စာအုပ်တော့ တစ်ခါ ဖတ်ဖူးသလို ။ မသေချာ ။ အခု သေချာ ပြန်ဖတ်ဖို့ ထပ်မှာထားတယ်။

တဂိုး ရဲ့ သြဇာတွေက နေရူး အပေါ် လွှမ်းမိုးမှုရှိသလို နေရူး စာအုပ်တွေထဲမှာလဲ မကြာခန ညွှန်းဆိုတယ် လို့ ဆရာကိုတာ က ရေးထားတယ်။ နိုင်ငံရေး ခေါင်းဆောင် တစ်ယောက် အပေါ် ကဗျာဆရာ ရဲ့ အတွေးအခေါ်တွေ လွှမ်းမိုးခြင်းပေါ့ ။ နိုင်ငံတော် ဆိုတာ ဘာမှ မဟုတ်ဘူး ၊ အစုအဖွဲ့ လူသားအဖွဲ့အစည်း သာ ပိုအရေးကြီးတယ် ဆိုတာ သဘောကျတယ်။ လက်ခံတယ်။ အိန္ဒိယ ရဲ့ အရင်းခံပြဿနာက ဇာတ် (လူမျိုးရေး) ပြဿနာ ၊ ဥရောပ နိုင်ငံတွေအတွက်ကျ အချင်းချင်း စည်းလုံးပီး ကိုယ့်ဆီမှာ ရှားပါးပြီး အခြားနိုင်ငံတွေဆီမှာ ပေါများတဲ့ သယံဇာတ ကို လိုချင်တဲ့ စိတ် – ဒီလို ရှင်းပြတာလေး တော်တော်သဘောကျတယ်။

မနေ့ကတောင် ရန်ကုန် ပုဇွန်တောင်ချောင်းဘေး ထိုင်ရင်း ဖြတ်သွားတဲ့ သဲသင်္ဘောတွေ ကြည့်ပြီး Sand Mining ပြဿနာ ကို ပြောဖြစ်သေးတယ်။ အခြားနိုင်ငံတွေလို မူဝါဒ ပေါ်လစီ မရှိတော့ မြန်မာနိုင်ငံ က မကြာခင် ကမ္ဘာပေါ်မှာ သဲအရောင်းဆုံး နိုင်ငံ ဖြစ်တော့မယ်လို့ Report တစ်ခုမှာ ဖတ်လိုက်ရတယ်။ (ဖြစ်တောင် ဖြစ်နေပြီ ထင်တယ် ။ ပြစရာ ဒေတာ မရှိလို့သာ) Rare Earth အကြောင်း ဒေတာတွေ ကြည့်ဖူးတော့ မြန်မာနိုင်ငံက သယံဇာတတွေ တရားမဝင် နည်းလမ်းတွေနဲ့ ပြည်ပကို မျိုးစုံရောက်နေတာ မြင်ရတာပဲ ။ ဘာကြောင့် ငါတို့ နိုင်ငံက ဆင်းရဲပြီး ငါတို့နိုင်ငံဆီက အမြတ်ထုတ်သွားရတာလဲ ဆိုတဲ့မျိုး တွေးမိသလို တဖက်နိုင်ငံဖက်က ကြည့်ရင်ကျ သူ့နိုင်ငံအတွက် သူ အကောင်းဆုံး အလုပ်လုပ်တာ ဖြစ်နေပြန်ရော ။ ဒါပေမယ့် ချမ်းသာတဲ့ နိုင်ငံတွေ ပိုပိုချမ်းသာပြီး ဖွံ့ဖြိုးတိုးတက်လာဖို့ ဆင်းရဲတဲ့ နိုင်ငံတွေက ပုခုံးထမ်းတင်ပေးနေရတာအတွက် ဖြေရှင်းနည်း မရှိတော့ဘူးလား။

မြန်မာ(ဗမာ)နိုင်ငံရဲ့ ပင်ရင်း ကနဦး ပြဿနာက ဘာလဲ? ဘာသာရေးအစွန်းရောက်ပီး ခြိုးခြံချွေတာလွယ်နေတာလား? အကောင်းမြင်လွယ် ၊ ပျော်ပျော်နေတတ်ပြီး အပျင်းကြီးတတ်တဲ့ စိတ်ကြောင့်လား? အချင်းချင်း ရာစုနှစ်ချီအောင် သတ်ဖြတ်နေရတဲ့ ပြည်တွင်းစစ်ကြောင့်လား? ဒီနွေဦးတော်လှန်ရေးပြီးသွားရင်ရော နိုင်ငံအတွင်းက ပြဿနာတွေ တကယ် ပြီးသွားမှာ ဟုတ်ရဲ့လား။ မပြီးဆုံးနိုင်တဲ့ ပြဿနာတွေ ထပ်လာမှာအတွက်ကို ငါတို့ ဘာတွေ ပြင်ဆင်ထားရမလဲ။ ဒီနိုင်ငံကပဲ ထွက်ပြေးလိုက်ရတော့မလား။

ဒီရက်ပိုင်း ယင်းမာပင် PDF ကနေ ပြည်သူ အပါအဝင် PDF အချင်းချင်း အယောက်(၂၀) ခန့် သတ်လိုက်တဲ့ သတင်း ပြန့်နေတယ်။ လှိုင်သာယာဘက်က လူငယ်တွေကို စစ်ကောင်စီက မတရား သေဒဏ် နဲ့ တသက်တကျွန်း ဒဏ်ပေးတဲ့ သတင်းလဲ ဖတ်လိုက်ရတယ်။ လျှပ်စစ်မီး ပိုပျက်လာတယ်။ မုန်တိုင်းလဲ ဝင်ဖို့ ရှိနေတော့ ကရင်နီပြည်ဘက်က စစ်ရှောင်စခန်းတွေမှာ မိုးဒဏ်ကြောင့် ဒုက္ခရောက်နေတဲ့ သတင်းလဲ တွေ့လိုက်တယ်။ ကိုယ် နေခဲ့ဖူးတဲ့ ကလေးမြို့ဘက်မှာ ရွာတွေကို စစ်ခွေးတွေ မီးရှို့သွားတဲ့ သတင်းလဲ ဒီရက်ပိုင်းမှာပဲ ဆက်တိုက်တွေ့တယ်။

ဒါတွေအကုန် ဘယ်နည်းလမ်းနဲ့ ပြီးဆုံးသွားမလဲ ဆိုတာကိုတော့ တွေးနေရုံနဲ့ အဖြေမထွက်နိုင်ဘူး ။ Social Media အဆိပ်အတောက်တွေလဲ လျှော့မှ ရတော့မယ်။ စိတ်တွေ ပင်ပန်းလှပြီ ။ တဂိုး စာထဲမှာ ပါသလို –

တည်ဆောက်ဖို့အတွက် စွန့်စားမှုတွေ လုပ်ရမယ်။ တာဝန်တွေ ယူရမယ်။ ညှင်းဆဲ နှောင့်ယှက်တာတွေ ရှိနေလည်းပဲ ရှုံးလိုက် ဒုက္ခရောက်လိုက်နဲ့ပဲ စိတ်ဓါတ် ကိုယ်ကျင့်တရားမှာ အောင်နိုင်ရမှာပဲ။ ကျုပ်တို့မှာ စိတ်ဓါတ်အင်အားရှိတယ် လို့ ၊ အမှန်တရားအတွက် ဒုက္ခခံနိုင်တဲ့ အား ရှိတယ်လို့ သူ့ကောင့်သားတွေကို ပြရမယ်။ ပြစရာ ဘာမှ မရှိရင်တော့ ကျုပ်တို့ တောင်းစားရုံပဲ ရှိတာပေါ့။

Rabindranath Tagore – Nationalism in India (ဘာသာပြန် – ကိုတာ) စာအုပ်မှ
Categories: Fuck the Coup!