ဘာလိုလို နဲ့ ဇွန်လ တောင်ကုန်တော့မယ်။ စိတ်ထဲမှာ ပိတ်လှောင်နေတယ်။ ထောင်ချောက်တစ်ခုထဲမှာ အမိခံနေရသလိုမျိုး ။ ဘယ်လိုလုပ်ရင် လွတ်မလဲ မသိတဲ့ အချိန်ပေါ့ ။ COVID အခြေအနေကလဲ ပြန်ဆိုးလာတယ်။ စကစ လက်အောက်ခံ ကျန်းမာရေးဘက်က ထုတ်သမျှကို မယုံကြည်ပေမယ့် ကလေးမြို့ဘက်မှာ ကိုယ်တွေ့ကြုံနေရတဲ့ သူငယ်ချင်းတွေရဲ့ ပြောစကားကြောင့် COVID က ထိန်းချုပ်သူ မဲ့နေတဲ့သဘော လက်ခံမိတယ်။ စစ်တပ်ကတော့ သူတို့ ကိုယ်ကျိုးအတွက် လူတွေ လမ်းကြောင်းပြောင်းနိုင်တဲ့ ဒီရောဂါပိုးကို ထိန်းချုပ်မယ့် ပုံ မပေါ်ပါဘူး ။

ဇွန်လ ၂၅ ရက်နေ့မှာ အဆိုတော် ရေမွန် – လွတ်မြောက်နယ်မြေဘက်မှာ ဆုံးတယ်။ မနေ့က စပြီး Facebook ပေါ်မှာ သူ့ရည်းစား ၃ သိန်းပြန်တောင်းတဲ့ ကိစ္စ(ဟုတ်/မဟုတ် မသေချာတာ)တွေနဲ့ အပြန်အလှန် ဆဲဆိုနေကြပြန်တယ်။ လူတွေ အာရုံထဲမှာ တော်လှန်ရေး မရှိတော့တာလား။ ဗမာတွေက ကျွန်ဘဝ နဲ့ နေခဲ့တာ ကြာတော့ လူးသာလွန့်သာ အခြေအနေလေးကို အင်မတန် မက်မောနေကြပုံ ပေါ်တယ်။(တိုးတက်တဲ့ အမြင်ရှိတဲ့ လူငယ်တွေကလွဲရင်)။ လွယ်လွယ် နဲ့ အရှုံးပေးပီး ငါ့ဘက်ကို ဒုက္ခရောက်မလာသရွေ့ အဆင်ပြေတယ် ဆိုတဲ့ သောက်ချိုးမျိုးတွေ လုပ်တယ်။

CDM Support တွေ တခုပြီး တခု ကျရှုံးနေတာ သာဓက ပဲ။ တဦးတယောက်ချင်းဆီမှာ တာဝန်ယူစိတ် မရှိကြတော့တာရယ်၊ ရေရှည် plan ကောင်းကောင်းမွန်မွန် မရှိတာရယ်တွေကြောင့်ပဲ။ သံပုံးတီးသံ တွေလဲ တစ်လမ်းချင်းဆီ ရပ်ကုန်ပီ ။ လှသောင်းတွေ ကျဆုံးကုန်ပီပေါ့။ ဒီတိုက်ပွဲက ရေရှည်မှာ ဘယ်လို ဆက်သွားကြမှာလဲ။ မသေချာမှုတွေကြောင့် ဖြစ်တဲ့ ဒေါသတွေကို NUG/CRPH အပေါ် ပုံချလိုက်လို့တော့ ရမယ်။ ဒါပေမယ့် ကိုယ်တစ်ဦးတည်း အနေနဲ့ရော ဘယ်လောက် လုပ်ပေးနိုင်မလဲ။

ဒီနေ့ နေ့လည်စာ ထွက်စားတော့ လျှပ်စစ်ရုံးမှာ မီတာ တန်းစီဆောင်နေကြတာ တွေ့တယ်။ ကိုယ့်အိမ်ကိုလဲ မီတာစာရွက် မနေ့တနေ့က ရောက်တယ်။ မီတာခ သွားဆောင်သင့်သလား။ ကျည်ဖိုးပေးလိုက်သလို ဖြစ်မလား။ မဆောင်လို့ မီးဖြတ်ခဲ့ရင်ရော ဘယ်လို ဆက်လုပ်မလဲ။ မီတာခ ဆိုတာက အရှုံးအမြဲပေါ်တဲ့ လျှပ်စစ်ဝန်ကြီးဌာနနဲ့ ဆိုင်တဲ့အတွက် အမြတ်ရနေတဲ့ အခြားဝန်ကြီးဌာနတွေအောက်မှာ အခွန်ပေါင်းများစွာပေးဆောင်နေတဲ့ ကုမ္မဏီတွေကို မတားဆီးနိုင်ပဲနဲ့ မီတာခဆောင်ခြင်းကိုလဲ တားဆီးနိုင်ပါ့မလား။ ဒါနဲ့ ပတ်သတ်ပီးလဲ အငြင်းအခုန်တွေ ဖြစ်ကြဦးမယ် ထင်တယ်။

ကိုထွန်းအောင်ကျော် ရဲ့ ABSDF သမိုင်းကြောင်း စာအုပ် ဖတ်ပီးပီ ။ ကျောင်းသားတပ်မတော် သမိုင်း လို့သာ ဆိုတော့ ဥက္ကဌ ဖြစ်တဲ့သူ ရေးတဲ့အထဲမှာ သေနတ်တစ်ချက် ပစ်ဖောက်တဲ့ အကြောင်း မပါဘူး ။ အချင်းချင်း အပြန်အလှန် တိုက်ခိုက်ကြတဲ့ အကြောင်းတွေပဲ အများစု ပါတယ် လို့ မြင်တယ်။ ဒီ ကျရှုံးသွားခဲ့တဲ့ သမိုင်းဆီကနေ ဘာတွေ သင်ယူနိုင်မလဲ။ တသွေးတသံ တမိန့် နဲ့ နှစ်ပေါင်း ၅၀၊၆၀ ငွေကြေးရင်းနှီးမြှုပ်နှံထားတဲ့ စစ်တပ်၊စစ်လက်နက်တွေကို တန်ပြန်တိုက်ခိုက်ဖို့ ကျွန်တော်တို့ဘက်မှာ ဘာတွေ ရှိထားဖို့ လိုမလဲ။

မေးခွန်းတွေပဲ ခေါင်းထဲက ထွက်နေတယ်။ အဖြေမရှိဘူး ။ အဖြေရှာတဲ့ အဆင့်အထိ ရောက်အောင် သင်ယူမှု မပြုခဲ့တာကြောင့်လဲ ဖြစ်နိုင်တယ်။ ပေးဆပ်တဲ့သူတွေက သူတို့အသက်၊စည်းစိမ်တွေ အများကြီး ပေးဆပ်ခဲ့ကြပီးပီ။ သူတို့ ကျေးဇူးက ကျွန်တော်တို့ ရင်ထဲမှာ ဘယ်လောက်ကြာကြာ ရှိနေနိုင်မလဲ။

စစ်ဖိနပ်အောက် လုံးလုံး ပြန်ရောက်သွားခဲ့ရင် ငါ ဘာလုပ်နိုင်မလဲ။

Categories: Fuck the Coup!