သပိတ်စစ်ကြောင်း

မနက် ၅ နာရီခွဲကတည်းက နိုးနေတာ။ အိပ်မပျော်တော့တာနဲ့ DICA pdf တွေ လိုက်ဖတ်နေမိတယ်။ ABBYY OCR ကို သုံးပီး အသုံးဝင်နိုင်တဲ့ ဇယားတချို့ကို excel format ပြောင်းထားလိုက်တယ်။ အင်တာနက်လဲ အပိတ်ခံထားရတော့ Offline ဟိုကြည့် ဒီကြည့်လုပ်ရင်း ၇ နာရီမှာ သူငယ်ချင်းတွေဆီက ဖုန်းဆက်။ ၇ နာရီခွဲ – လက်ဖက်ရည်ဆိုင်မှာ ဆုံ။ Taxi ငှားပီး စုရပ်ဆီကို ဒိုး ။ ရောက်သွားတော့ လူနည်းပါသေးတယ်။ ၉ နာရီကျော်ကျော်မှ စစ်ကြောင်းစထွက်တာ။ အရင်ရက်တွေက အခြားလမ်းကြောင်းတွေနဲ့ ပူးပေါင်းခဲ့ဖူးပေမယ့် ဒီတစ်ခေါက်ကျ ကိုယ့်တက္ကသိုလ်တံဆိပ် ၊ အလံအောက်မှာ ပိုလုံခြုံတယ်လို့ ခံစားရတယ်။ သူငယ်ချင်းတွေ အများစုနဲ့ ပြန်ဆုံရတာကြောင့်လဲ ဖြစ်မှာပါ။ Safety အတွက် ကိုင်နေကြ ဖုန်းကို ယူမသွားပဲ keypad လေးပဲ ယူသွားလိုက်တော့ ဘာဓါတ်ပုံမှ ပါမလာဘူး။ ကျောင်း Page က တင်မှပဲ copy ကူးပီး လာ save တော့မယ်။

အနီးဆုံး အင်ဒိုနီးရှား သံရုံးကို သွား ၊ အဲဒီရှေ့မှာ ၄၅ မိနစ် တစ်နာရီလောက် ထိုင်သပိတ်ကြာခဲ့တယ် ထင်တယ်။ ပြီးတော့ ရုရှားသံရုံး ။အဲဒီအရှေ့မှာတော့ ၂ နာရီကျော်လောက် ကြာမယ်။ နေ့လည်စာလဲ အဲဒီရှေ့ လမ်းဘေးတစ်နေရာမှာပဲ စားခဲ့တာ။ လမ်းဘေးဆိုင် ထိုင်ဖူးပေမယ့် ရန်ကုန် ကတ္တရာလမ်းမပေါ်မှာ ဖင်ထိုင်ချပီး ထမင်းစားဖူးတာတော့ ဒီတကြိမ် ပထမဆုံးပဲ။ ဟင်းက ကြက်ဥဟင်း ။ အလှုရှင်တွေလဲ များတယ်။ ကျေးဇူးတင်ရပါတယ်။ ဖျော်ရည် ၊ လိမ္မော်သီး၊ ရေခဲချောင်းတွေလဲ ဝေတယ်။ဦးထုပ်တွေ လာဝေပေးတာလဲ တွေ့လိုက်တယ်။ ကြွေးကြော်သံတွေ တိုင်ကြ ၊ ကမ္ဘာမကြေ / အလိုမရှိ / အရှုံးမပေးနဲ့ မိငယ်ရေ / သွေးသစ္စာ သီချင်းတွေကို ထပ်ကြော့တလဲလဲ ဆိုကြ။ ရုရှားသံရုံးရှေ့မှာတင် အသံကုန်ပီ ထင်ခဲ့တာ။ ထင်တာလွဲခဲ့ပါတယ်။

နေ့လည်စာစားပီးတော့ တရုတ်သံရုံးရှေ့ကို ဆက်ချီတက်ခဲ့ကြတယ်။ တလမ်းလုံးလဲ ကြွေးကြော်သံတွေ သီချင်းတွေ မြိုင်နေတာပါပဲ။ တရုတ်သံရုံးရှေ့ရောက်တော့ အရင်နှစ်ခုထက် လူပိုများတာတွေ တွေ့တယ်။ တရုတ်သမ္မတ ရှီကျင့်ဖျင့် နဲ့ ပတ်သတ်တဲ့ ကြွေးကြော်သံတွေ၊ဆိုင်းဘုတ်တွေလဲ တွေ့ခဲ့တယ်။ နောက်ပီး အဲဒီရှေ့ကနေ ခေါင်းထဲ စွဲလာတဲ့ သံချပ်(ကြွေးကြော်သံ)တွေက – “ပြည်သူ့ရဲတွေ ဘာလုပ်နေလဲ – အာဏာရူး မင်းအောင်လှိုင်ကို ကာကွယ်နေတယ် ။ ဘာပျက်နေလဲ-တပ်ပျက်နေတယ် ။ ဘာပျက်နေတယ်-တပ်ပျက် တပ်ပျက်။”

တရုတ်သံရုံးကနေ ထိုင်းသံရုံးဘက် ဆက်လာ။ လာတဲ့လမ်းမှာ လော်စပီကာ စကိုင်ဖြစ်တာ။ အဲဒီရှေ့မှာတော့ လူတော်တော်ရှင်းတယ်။ CCTV တွေရှေ့မှာ ဇွဲကောင်းကောင်းနဲ့ ဆိုင်းဘုတ်တွေပြနေတဲ့ လူငယ်(အမျိုးသမီးတွေ) အုပ်စုတစ်စုပဲ တွေ့တယ်။ လေးစားစရာပါ။

မနက်ဖြန်အတွက် သတင်းတွေ အစုံ တက်နေပီ ။ ပြည်လုံးကျွတ်သပိတ် ။ ခြိမ်းခြောက်သံတွေလဲ ကြားရပီ ။ စစ်တပ်ကတော့ ရွံစရာထက် ရွံစရာပိုကောင်းတဲ့ အရာပါ။ လက်နက်မဲ့ ပြည်သူကို လက်နက်နဲ့ အနိုင်ကျင့်ပီး ပါးစပ်ကလဲ ဗလောင်းဗလဲတွေ ပြောနေတာ။ တက်နေတဲ့သတင်းတွေ ဖတ်ပီး ဒီစာကို ဆက်ရေးချင်စိတ်ကို မရှိတော့တာ ။

မနက်ဖြန် – ၂၂.၂.၂၀၂၁

ပြည်သူအားလုံး ငြိမ်းချမ်းကြပါစေ။ ဘေးကင်းကြပါစေ။ အထိအရှ တယောက်မှ မရှိပါစေနဲ့ ။

လက်နက်ကိုင် အကြမ်းဖက်သူတွေ မီးလောင် ပျက်စီးကြပါစေ။ လောင်မီးကျပါစေ ။ အဖန်ငါးရာ ငါးကမ္ဘာ ပြုသောဝဋ်အတိုင်း ပြန်ခံစားကြရပါစေဗျာ။

အာဏာရှင်စနစ် မနှေး အမြန် မုချ ကျဆုံးရမည်။

Categories: Fuck the Coup!